ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အတ္တလန်တာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို နာမည်ကျော် ဂန္တဝင် ဘတ်စကတ်ဘော ကစားသမား မိုက်ကယ်ဂျော်ဒန်နဲ့ နှိုင်းယှဉ်ကာ ချီးကျူးသွားခဲ့ပါတယ်။

အီတလီမြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာထက် ဂိုးသွင်းခွင့်တွေ ပိုမို ရရှိခဲ့ပေမယ့် အတ္တလန်တာကသာ ပွဲကို ၂ကြိမ်တိုင်တိုင် ဦးဆောင်ခွင့် ရခဲ့ပြီး အနိုင်ရဖို့ အတွက် လက်တကမ်းအလို အခြေအနေ အထိ ရောက်ခဲ့ပါတယ်။

Photo Credit: Metro

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပေးဂိုးများနေတဲ့ အစဉ်အလာ အတိုင်း တဦးချင်း အမှားတွေ ကနေ အတ္တလန်တာရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရပြီး ရိုနယ်ဒိုသာ ရှိမနေခဲ့ရင် အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရမှာပါ။

အဆိုပါပွဲစဉ်မှာ အတ္တလန်တာ အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၂မိနစ်မှာ အီလီချစ် ၊ ပွဲကစားချိန် ၅၆မိနစ်မှာ ဇာပါတာတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုး ၂ဂိုးစလုံးကို ပွဲကစားချိန် ၄၅+၁မိနစ်နဲ့ ၉၀+၂မိနစ်တွေမှာ ရိုနယ်ဒို တဦးထဲက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ ရိုနယ်ဒိုရဲ့ ခြေစွမ်းအပေါ် ချီးကျူးနေသူတွေ အများအပြား ရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကလည်း ရိုနယ်ဒိုဟာ မိုက်ကယ်ဂျော်ဒန်လိုပဲ ချန်ပီယံတဦးရဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဆိုးလ်ရှားက – “ကျွန်တော်တို့ အားလုံးမှာ ကိုယ်စီ ကိုယ်စီ ရယူထားရတဲ့ တာဝန်တွေ ၊ ဝတ္တရားတွေ ရှိပါတယ်။ ခရစ္စတီယာနိုက အသင်းရဲ့ ခေါင်းဆောင် တယောက်ပါ။ ဒါကိုလည်း သူ လုပ်ဆောင်နေတဲ့ အရာတွေ ၊ သွင်းထားတဲ့ သွင်းဂိုးတွေကို ကြည့်ပြီး မြင်နိုင်ပါတယ်။ ပေးဂိုး ၂ဂိုး ခွင့်ပြုခဲ့ရတဲ့ အတွက် မပျော်နိုင်ပါဘူး။ သွင်းဂိုး ၂ဂိုးစလုံးကို ဂိုးမပေးရဖို့ အတော်လေးကို နီးစပ်ခဲ့တဲ့ ဂိုးတွေပါ။ ဒုတိယဂိုးက စင်တီမီတာ အနည်းငယ်လောက်နဲ့ ပေးခဲ့ရတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ တကယ်လို့ ပြီးခဲ့တဲ့ ရာသီမှာ ဆိုရင် ဒီလို သွင်းဂိုးကို ခွင့်ပြုရမယ်လို့ မထင်ပါဘူး။ ရိုနယ်ဒိုကတော့ ဒီလိုမျိုး သွင်းဂိုးတွေ သွင်းယူဖို့ မွေးဖွားလာတဲ့ ကစားသမားပါ။ Chicago Bullsကလည်း မိုက်ကယ်ဂျော်ဒန်ကို ပိုင်ဆိုင်ထားလို့ စိတ်ညစ်နေမယ် မထင်ပါဘူး။ ကျွန်တော်တို့လဲ သူတို့လိုပါပဲ။ တခါတလေကျရင် ကစားသမား တဦးချင်းစီက အသင်းကို ကယ်တင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုနယ်ဒိုနဲ့ မိုက်ကယ်ဂျော်ဒန်တို့က အဲ့ဒီလို လူမျိုးတွေပါ။ ဒါကြောင့်လည်း သူတို့က ချန်ပီယံတွေ ဖြစ်နေတာပေါ့” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။