မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီဂန်းနား ‌ဆိုးလ်ရှား က သူ့ရဲ့ အသင်းဟာ ကာရာဘောင်း ဖလား ဆီမီးဖိုင်နယ်မှာ ဒါဘီပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာထက် သူတို့ရဲ့ အသင်းဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ခဲ့ရလို့သာ ရှုံးနိမ့်ခဲ့တာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ပွဲကစားချိန် မိနစ် ၅၀ အရောက်မှာ မန်စီးတီး အသင်းရဲ့ ခံစစ် ကစားသမားဖြစ်သူ ဂျွန်စတုန်းက အဖွင့်ဂိုး စတင်သွင်းယူခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးဟာ စတုန်း အတွက် ၂၀၁၇ နိုဝင်ဘာနောက်ပိုင်း ပထမဆုံးသွင်းယူနိုင်တဲ့ သွင်းဂိုးလည်း ဖြစ်လာပါတယ်။ ဒါ့အပြင် ပွဲပြီးဆုံးဖို့ ၇ မိနစ်လောက် အလိုမှာတော့ ဝါရင့် အသင်းခေါင်းဆောင် ဖာနန်ဒင်ဟို က မန်စီးတီး အတွက် အနိုင်သေချာစေမယ့် သွင်းဂိုး ကို ထပ်မံသွင်းယူခဲ့ကာ မန်စီးတီးတို့ ၂ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဗိုလ်လုပွဲ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ပွဲစဉ်မှာ ဂိုးပေါက်တည့်မတ်မှုက ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ မန်စီးတီး အသင်းကတော့ ၁၂ ပွဲဆက်ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ပိုင်ဆိုင်သွားပြီးတော့ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ပုံစံကို ပြန်လည်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာရာဘောင်းဖလားဗိုလ်လုပွဲစဉ်ကိုတော့ ဧပြီလ ၂၅ ရက်နေ့ ဝင်ဘာလေ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး မန်စီးတီး အသင်းနဲ့ စပါး အသင်းတို့ ထိပ်တိုက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အကယ်၍သာ မန်စီးတီး အနေနဲ့ ဒီရာသီမှာပါ ကာရာဘောင်းဆုဖလား ဆက်လက်ရယူနိုင်ခဲ့ရင် ၈ ရာသီအတွင်း ၆ ကြိမ်မြောက် ရရှိမှာလည်း ဖြစ်ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှား ကတော့ ယူနိုက်တက် ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း နဲ့ ဂွာဒီယိုလာ ရဲ့ မန်စီးတီး ကို အခုလိုပဲ ချီးကျုး ပြောဆိုခဲ့ပါတယ်။ “ မန်ချက်စတာစီးတီး အသင်းက သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်ပါတယ်။ ခင်ဗျား အဲ့ဒါကို လက်ခံရမယ်။ တည်ကန်ဘောတွေ ကနေ သွင်းဂိုး ၂ ဂိုးခွင့်ပြုပေးလိုက်ရတာက အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ် ”

Photo Credit: Express

“ ကျွန်တော်တို့ အသင်း ဒီပွဲစဉ်မှာ လုံလုံလောက်လောက် မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ လုံလောက်တဲ့ ကြီးကြီးမားမား အခွင့်အရေးမျိုး မဖန်တီးနိုင်ခဲ့ပါဘူး။ သူတို့လည်း မဖန်တီးနိုင်ခဲ့ပါဘူး။ ကစားပွဲရဲ့ နောက်ပိုင်းမိနစ်တွေမှာ ကျွန်တော်တို့ အသင်းအနေနဲ့ အပိုကြံ့ခိုင်မှုမျိုး မရှိခဲ့ပါဘူး၊ ကျွန်တော်တို့ လုံလုံလောက်လောက် မကောင်းခဲ့ကြပါဘူး။ ကျွန်တော်တို့ အလွန်ကောင်းတဲ့ မန်ချက်စတာစီးတီး အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတာပါ၊ သူတို့ အကောင်းဆုံး ကစားခဲ့ကြတယ်။ သူတို့က ကောင်းကောင်း ကစားရင် ခင်ဗျား အနေနဲ့ သူတို့ကို အနိုင်ရဖို့ ပိုကောင်းအောင် ကစားဖို့လိုပါတယ်။ ကျွန်တော်တို့မှာ အဲ့ဒါ အနည်းငယ်ပဲ လိုခဲ့တာပါ။ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့တော့ နီးစပ်လာပါပြီ၊ လွန်ခဲ့တဲ့ တစ်နှစ် ဆီမီးဖိုင်နယ်က ယူနိုက်တက် ထက်စာရင် အခုက ပိုကောင်းတဲ့ ဗာရှင်းပါ။ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲကို ရှုံးနိမ့်ရတာဟာ စိတ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ခင်ဗျားအနေနဲ့ အသင်းကောင်းတွေနဲ့ ဆီမီးမှာတွေ့နိုင်တာပဲ‌လေ။ အခုချိန်မှာတော့ စီးတီးက အင်္ဂလန်မှာ ရှိတဲ့ အကောင်းဆုံးအသင်း ဖြစ်နိုင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။