မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တစ်ချိန်က ဂန္တဝင်တိုက်စစ်မှူး တစ်ဦး ဖြစ်သလို လက်ရှိမှာလည်း အသင်းရဲ့ နည်းပြ တစ်ယောက်ဖြစ်တဲ့ အိုလေဂန်နာ ဆိုးလ်ရှားဟာ သူ၏ တပည့်ဟောင်း ဖြစ်သူ အာလင် ဟာလန်းရဲ့ ချန်ပီယံလိဂ် စံချိန်တင် မှတ်တမ်းကောင်း အပေါ် ကျေနပ်လျက်ရှိပါတယ်။ ယခု လက်ရှိ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ အာလင် ဟာလန်းဟာ နော်ဝေနိုင်ငံ ပြည်တွင်းကလပ် အသင်း တစ်သင်းဖြစ်တဲ့ မိုဒီအသင်းမှာ ရှိစဉ်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ကစားပေးခဲ့ဖူးသူ ဖြစ်ပြီး ဆိုးလ်ရှားရဲ့ တပည့်ရင်း တစ်ဦးလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။

Photo Credit: Metro

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကစားသမား ဖြစ်သူ အာလင် ဟာလန်းဟာ ဗုဒ္ဓဟူးနေ့ည လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ ကစားသမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုး ၁၆ဂိုးမြောက်ကို သွင်းယူ သွားခဲ့ပါတယ်။ နော်ဝေ တိုက်စစ်မှူးဟာ ကစားသမားဘ၀ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၅၆မိနစ်တိုင်းကို တစ်ဂိုးနှုန်းနဲ့ သွင်းယူနေတယ်လို့ အချက်အလက် မှတ်တမ်းများအရ သိရပြီး ဒါဟာ ဘယ်ကစားသမားထက် မဆို သိသိသာသာ ကောင်းမွန်နေခြင်းဖြစ်ကာ အနာဂတ်ရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်ကြောင်းကို မီမောင်း ထိုးပြနေတာလဲ ဖြစ်ပါတယ်။ လာဇီယိုအသင်းနှင့် ပွဲစဉ်မှာ အဆိုပါ စံချိန်တင်သွင်းဂိုးကို သွင်းပြီးတဲ့ နောက်မှာပဲ အာလင်ဟာလန်းဟာ ဆရာဟောင်းဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ ယခင်စံချိန်ဟောင်းကို လိုက်မှီသွားခဲ့တာ ဖြစ်ပြီး မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကလည်း တပည့်ဟောင်း ဖြစ်သူအပေါ်…

Photo Credit: Metro

“ကောင်လေးဟာ တကယ်ကို ကောင်းမွန်တဲ့ မှတ်တမ်းတွေနဲ့ သူရဲ့ ကစားသမားဘ၀ကို စတင် ထားနိုင်ခဲ့ပါတယ်။ သူဟာ အလုပ်တွဲလုပ်လို့ ကောင်းတဲ့ ကစားသမားလည်း ဖြစ်ပြီး အခုလို သူ့ရဲ့ ခြေစွမ်း နောက်တစ်ဆင့်ဆီ တက်လှမ်းနေတာကို စောင့်ကြည့်ရတာ ကျွန်တော့်အတွက် တကယ်ကို စိတ်ကျေနပ်စရာပါ။ သူက ဒီလောက်နဲ့ ကျေနပ်ပြီး ရပ်တန့်သွားမယ့်လူမျိုး မဟုတ်ပါဘူး။ သူဆက်ပြီးတော ဂိုးတွေ များစွာ သွင်းနေဦးမှာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။ အာလင် ဟာလန်းဟာ မိုဒီအသင်းမှ ဆဲလ်ဘတ်အသင်းထံသို့ ၂၀၁၉ ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ပေါင်၈သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၇ပွဲမှာ ၂၉ဂိုး သွင်းယူကာ ၇ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဒေါ့မွန်အသင်းထံသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ပြီး ဒေါ့မွန်အသင်း အတွက် ယခုအချိန်ထိ ပြိုင်ပွဲစုံ ၃၂ ပွဲကစားကာ ၃၃ဂိုးသွင်းယူနိုင်ခဲ့ပြီး ၆ဂိုးဖန်တီးကာ တောက်ပတဲ့ခြေစွမ်းတွေနဲ့ အမြင့် ပျံသန်းလျက် ရှိနေပါတယ်။