ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အဲဗာတန် အသင်းနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး ကာဗာနီကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ အဲဗာတန် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဂွတ်ဒီဆန်ပါ့တ်ကွင်းထဲမှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန် အသင်းကို ပွဲအစ ၊ ပွဲအဆုံး ဖိအားပေးကာ ကစားနိုင်ခဲ့ပြီး ပွဲပြီးဆုံးခါနီးမှာ ရရှိခဲ့တဲ့ ကာဗာနီနဲ့ မာရှယ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။

Photo Credit: Metro

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် အဆင့်မှာတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းနဲ့ တွေ့ဆုံနေပြီး မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ တွေ့ဆုံနေတဲ့ အဆိုပါ ကာရာဘောင်းဖလား ပွဲစဉ်ကိုတော့ ဇန်နဝါရီလ ၄ရက်နေ့မှာ ကျင်းပ သွားမှာပါ။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ အဲဗာတန် အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ပွဲအလှည့်အပြောင်း သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူးကြီးကို အသင်းထံ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ယူဆောင် ပေးလာသူ အဖြစ် အမွှမ်းတင် ချီးကျူး သွားခဲ့ပါတယ်။

Photo Credit: Metro

ကာဗာနီရဲ့ ခြေစွမ်းတွေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “သူနဲ့ ပတ်သတ်ပြီး ခင်ဗျားတို့တွေ မှားခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ သူ့အနေနဲ့ အသင်းကို ရောက်ခါစမှာ ရုန်းကန်ခဲ့ရတာမျိုး မရှိဘူးလို့ ကျွန်တော် ထင်တယ်။ သူက အတော်လေးကို ကောင်းမွန်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင် ထားနိုင်သူပါ။ ပြီးတော့ သူဟာ တကယ်ကို တော်ပါတယ်။ အစပိုင်းမှာ သူက ဒဏ်ရာတွေ ရခဲ့တယ်။ ဒါပေမယ့် လူတိုင်းက ဒဏ်ရာ ရနိုင်တာပဲလေ။ ပြီးတော့ သူက ကျွန်တော်တို့ အသင်းဆီ နောက်ကျမှ ရောက်လာတာပါ။ အခုချိန်မှာ ကျွန်တော်က သူ့ရဲ့ လွှမ်းမိုးမှုနဲ့ ပတ်သတ်ပြီး အတော်လေးကို စိတ်ကျေနပ်မှု ရှိနေပါတယ်။ အဝတ်လဲခန်း ထဲမှာ ၊ လေ့ကျင့်ရေးကွင်းကို သူ ယူဆောင်လာတဲ့ အမူအကျင့်ကောင်းတွေ ၊ ပွဲနဲ့ ပတ်သတ်ပြီး သူ့ရဲ့ စိတ်ထား ၊ ခင်ဗျားက သူဟာ ဘယ်လောက်တောင် ကောင်းအောင် စွမ်းဆောင်ထားနိုင်လဲ ဆိုတာကို မြင်နိုင်ပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူ ပေးခဲ့တယ်။ ပြီးတော့ အတွေ့အကြုံတွေရောပေါ့။ သူက အသင်းအတွက် အများကြီး ပေးဆပ်ထားပါတယ်။ သူက ပွဲတွေနဲ့ ၇လနီးပါး ဝေးခဲ့ရပေမယ့် လက်ရှိမှာတော့ ပိုပိုပြီး ကောင်းလာပါပြီ။ ကျွန်တော်တို့ သူနဲ့ ပတ်သတ်ပြီး စိတ်ရှည်ဖို့ လိုအပ်ပါတယ်” လို့ ချီးကျူး ပြောဆို သွားခဲ့ပါတယ်။