ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ လတ်တလောမှာ အသင်းရဲ့ နာမည်ကြီး ကစားသမား ဖြစ်သူ ပေါလ်ပေါ့ဘာဟာ မပျော်မရွှင် ဖြစ်နေကြောင်း ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်သလို ၂၀၂၀ ခုနှစ် အတွင်းမှာ ကာလရှည် ဒဏ်ရာတစ်ခုကို ရရှိခဲ့သလို ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန် မှာလည်း အသင်းအတွက် ပုံမှန် ခြေစွမ်းကောင်း တစ်ခုကို ပြသနိုင်ခြင်း မရှိသေးပါဘူး။

Photo Credit: Standard

ဒါ့ကြောင့်ပဲ လက်ရှိ ဘောလုံးရာသီမှာ ပေါ့ဘာဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ရိုင်ကိန်း ၊ ပေါလ်စခိုးလ်နဲ့ ဂယ်ရီနဗီးလ်တို့ ကိုယ်တိုင်က သူ့ကို ဝေဖန်မှုတွေ ပြုလုပ် ထားကြပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေကလည်း ပေါ့ဘာရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းချက်ကို ထောက်ပြနေကြပြီး အဆိုပါ ပြဿနာရပ်တွေကြောင့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နေရတာကို မပျော်မရွှင် ဖြစ်နေကြောင်းလည်း ပြင်သစ် အသင်းရဲ့ နည်းပြဖြစ်သူ ဒက်ချမ့်က ပြောဆို ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ပေါ့ဘာဟာ လက်ရှိအချိန်မှာ မပျော်မရွှင် ဖြစ်နေပေမယ့် သူ့ရဲ့ အရည်အသွေးတွေဟာ အသင်းအတွက် အရေးပါနေဆဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Standard

ပေါ့ဘာရဲ့ အနာဂတ်ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာ မှာတော့ ဆိုးလ်ရှားက “ ကျွန်တော်တို့ဟာ မေးခွန်းတွေ မေးခံရသလို မေးလာတဲ့ မေးခွန်းတွေကို အကောင်းဆုံး ဖြေကြား ရတာကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဒီလို သတင်းစာ ရှင်းလင်းပွဲတွေ ကတော့ အဲ့ထက် ပိုပါတယ်။ ကျွန်တော်တို့ဟာ အိမ်ကနေ ပြီးတော့ အလုပ်လုပ်ကြရတာ ဖြစ်တဲ့ အတွက် ကျွန်တော် ကတော့ သတင်းခေါင်းစဉ် ဖြစ်လာမယ့် စကားတွေကို ရှောင်ရှားသွားမှာပါ။ ကျွန်တော် ဒီနေ့ပဲ ပေါလ်(ပေါ့ဘာ)နဲ့ စကားပြောပြီးပါပြီ။ လက်ရှိမှာ သူက ကစားခွင့် မရတာတွေ ၊ ကစားခွင့် ရတဲ့ အချိန်တွေမှာ ခြေစွမ်း မပြနိုင်တာတွေကြောင့် မပျေုာ်မရွှင် ဖြစ်နေပါတယ်။ သူက ပြင်သစ် အသင်းမှာရော ၊ ကျွန်တော်တို့ အသင်းမှာပါ တူညီတဲ့ နေရာတစ်ခုထဲမှာ ကစားရတာပါ။ ဒါ့ကြောင့် ဒါက ကွဲပြားတဲ့ ဇာတ်ညွှန်း တစ်ခု မဟုတ်ပါဘူး။ ဒီပြဿနာက ကျွန်တော် အရှေ့မှာ ပြောခဲ့သလိုပဲ စည်းချက်ညီမှုနဲ့ပဲ သက်ဆိုင်ပါတယ်” ဆိုပြီး ဖြေကြား သွားခဲ့ပါတယ်။