ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ အသင်းမှာ အရင်ကလို ပျော်ရွှင်နေပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သူ တစ်ဦးဖြစ်ပြီး အသင်းဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစား နေပေမယ့် ပေါ့ဘာဘက် ကတော့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို ရပ်တန့်ထားပြီး လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: Goal

ဒါပေမယ့် ယခုလ အတွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ်တွေမှာတော့ ပေါ့ဘာရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် မြင်တွေ့ခွင့် ရနေပြီး ပေါ့ဘာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲမှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ပင်နယ်တီ တစ်ကြိမ် ရရှိအောင်လည်း စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါ့ဘာရဲ့ သွင်းဂိုး ၂ဂိုး စလုံးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အနိုင်ရလဒ်ကို ရရှိစေခဲ့တဲ့ သွင်းဂိုးတွေလည်း ဖြစ်ခဲ့ပါတယ်။ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာရဲ့ စကားတွေကြောင့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မပျော်ရွှင်တော့ဘူး လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပေမယ့် ဆိုးလ်ရှားကတော့ ပေါ့ဘာဟာ အသင်းမှာ အရင်လို ပျော်ရွှင်နေပြီလို့ ဆိုသွားပါတယ်။

Photo Credit: Goal

ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ပေါ့ဘာရဲ့ လက်ရှိ အနေအထားနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ ဆိုးလ်ရှားက “ပေါ့ဘာက အသင်းမှာ ပျော်ရွှင်နေပါပြီ။ သူက ဘောလုံးကို အကောင်းဆုံး ကစားတယ်။ စိတ်ဓာတ်ပိုင်းမှာလည်း သူက အရမ်းကို ပျော်ရွှင်နေတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားကလည်း အရမ်းကို ကောင်းတဲ့ ပုံစံမှာ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ အားလုံးက သူ့ရဲ့ အရည်အသွေးကို သိရှိ ထားကြပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ဟာ သူ့ကို ကွင်းလယ်မှာ ထားကစားဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဆုံးဖြတ်ချက်ကလည်း မှန်ကန်ခဲ့ပါတယ်။ လက်ရှိ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ကျွန်တော်က အရမ်းကို ပျော်ရွှင်နေပါတယ်။ တစ်ခါတလေမှာ ချီးကျူးမှုတွေက အရမ်း အင်အား ပြင်းထန်တဲ့ စကားလုံးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကို သူ ကောင်းကောင်း ကိုင်တွယ် နိုင်မယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒီနေ့လို ခြေစွမ်းက ပေါ့ဘာ တစ်ယောက် ကြံ့ခိုင်မှု ပြည့်ဝနေတာ ၊ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတာနဲ့ သက်ဆိုင်ပါတယ်။ သူက ဗဟိုကွင်းလယ်လူ အဖြစ် ကစားခဲ့တယ်။ အဲ့ဒီနောက် တစ်ဖက် ဂိုးဧရိယာအထဲကို အရမ်းကောင်းတဲ့ ပြေးဝင်မှုတွေ ပြုလုပ်နိုင်ခဲ့သလို စိန်ခေါ်မှုတချို့နဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။