ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ မကြာသေးမီကမှ အာဂျင်တီးနားနိုင်ငံ ကနေ အသင်းထံ ပြန်လည် ရောက်ရှိလာတဲ့ အာဂျင်တီးနား ခံစစ်မှူး မားကို့စ် ရိုဂျိုရဲ့ ခြေစွမ်းကြောင့် ဗဟိုနောက်ခံလူ အသစ် ထပ်မံ ဝယ်ယူမယ့် ကိစ္စကို ပြန်လည် ဖျက်သိမ်းခဲ့တယ် လို့ အင်္ဂလန် သတင်းမီဒီယာတွေက ရေးသား ဖော်ပြသွားကြပါတယ်။ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ ခံစစ်မှူး ရိုဂျိုဟာ မန်ယူအသင်းထံကို ၂၀၁၄ ခုနှစ်ကတည်းက ရောက်ရှိခဲ့သူ တစ်ဦး ဖြစ်ပြီး ခြေစွမ်းပိုင်းမှာ ကောင်းမွန်ပေမယ့် ဒဏ်ရာပြဿနာနဲ့ မကြာခဏဆိုသလို ရင်ဆိုင်ရတာတွေ ၊ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ပုံမှန်နေရာ တစ်နေရာ ရရှိခြင်း မရှိပဲ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ရိုဂျိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မန်ယူအသင်း အတွက် ပွဲထွက်ခွင့် များများစားစား မရရှိခဲ့ပဲ ပွဲထွက်ခွင့် အတွက် ရာသီဝက် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းဟောင်း အူစတူဒန်းတပ်စ် အသင်းထံ ရာသီဝက် အငှားနဲ့ သွားရောက် ကစားခဲ့ပြီး မကြာခင်ကမှ မန်ယူအသင်းထံ ပြန်ရောက်လာသူပါ။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုဂျိုဟာ လက်ရှိအချိန်မှာ ရာသီသစ်အတွက် ပြင်ဆင်မှု အနေနဲ့ လေ့ကျင့်ခန်းဆင်းနေပြီး လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြသခဲ့တဲ့ ရိုဂျိုရဲ့ ခြေစွမ်းတွေကို နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ အတော်လေး ကျေနပ်နှစ်ခြိုက်နေတယ် လို့ သိရပါတယ်။

Photo Credit: Metro

ရိုဂျိုရဲ့ ခြေစွမ်းတွေကို အားရကျေနပ်မှု ရှိတာကြောင့် ဆိုးလ်ရှားဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူး တစ်ဦး ဝယ်ယူမယ့် သူ့ရဲ့ အစီအစဉ်ကို ပြန်လည် ဖျက်သိမ်းသွားခဲ့ကြောင်းလည်း ESPN သတင်းဌာနက ဆိုပါတယ်။ မန်ယူအသင်းဟာ လက်ရှိ အချိန်မှာ လင်ဒီလော့ဖ် ၊ မက်ဂွိုင်းယား ၊ ဘိုင်လီ ၊ စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ ရိုဂျို ၊ တွမ်ဇီဘီ စတဲ့ ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် တွမ်ဇီဘီ ၊ ဘိုင်လီ စတဲ့ ကစားသမားတွေဟာ မကြာခဏ ဆိုသလို ဒဏ်ရာ ရရှိတတ်သူတွေ ဖြစ်သလို ဖီးလ်ဂျုံးစ်နဲ့ စမောလင်းတို့ကိုလည်း အရောင်းစာရင်း တင်ထားတာကြောင့် လက်ရှိ ဗဟိုခံစစ်နေရာမှာ အားကိုးရတဲ့ ကစားသမား ရှားပါးနေပါတယ်။ ဒါ့ကြောင့်ပဲ ဆိုးလ်ရှားဟာ ကနဦးမှာ ဗဟိုနောက်ခံလူ တစ်ဦး ဝယ်ယူဖို့ စဉ်းစားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ရိုဂျိုရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကြောင့် ဗဟိုနောက်ခံလူ အသစ်တစ်ဦး ထပ်မံ ဝယ်ယူတော့မှာ မဟုတ်ပဲ လာမယ့် ရာသီမှာ ရိုဂျိုကို နေရာပေးသွားမယ် လို့ သိရှိရပါတယ်။