ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ သူ့ရဲ့ အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အသင်းရဲ့ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေဟာ သူ့ကို ဆက်လက် ယုံကြည်ပေးသင့်တယ်လို့ တောင်းဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၂နှစ်နီးပါး ကြာအောင် ကိုင်တွယ်လာတဲ့ နည်းပြတဦး ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုးတက်မှုတွေ ရှိလာတာကိုတော့ ငြင်းဆန်လို့ မရပါဘူး။

Photo Credit: BBC

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးရဲလ်အသင်းကို အမှတ်မထင် ရှုံးနိမ့်ပြီးနောက် ခြေစွမ်းပိုင်းရော ၊ ရလဒ်ပိုင်းမှာပါ တစထက် တစ နိမ့်ပါးလာခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားသလို ရမှတ် ၁မှတ်ပဲ စုဆောင်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီမှာ လီဗာပူးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံ ကစားခဲ့ရပေမယ့် ၀-၅ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ၊ ခြေပြတ် အရေးနိမ့်ခဲ့ရပြီး အဆိုပါပွဲစဉ် အပြီးမှာ ဆိုးလ်ရှားကို ရာထူးကနေ နုတ်ထွက်သွားဖို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက စတင် တောင်းဆိုလာကြပါတယ်။

Photo Credit: BBC

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေကလည်း ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် လုပ်ဆောင်နေကြပြီး ဆိုးလ်ရှားကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို သူ ရောက်စေချင်တဲ့ နေရာဆီ ပို့ဆောင်ပေးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်တာကြောင့် သူ့ကို စိတ်ရှည်ပေးဖို့ လီဗာပူးနဲ့ ပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တောင်းဆိုခဲ့ပါတယ်။

ဆိုးလ်ရှားက – “ အခုချိန်အထိတော့ ရာထူးကနေ ထုတ်ပယ်ခံရမယ့် ကိစ္စအပေါ် စိုးရိမ်မှု မရှိသေးပါဘူး။ ပြီးတော့ မနက်ဖြန်မှာ ဘာတွေ လုပ်ရမလဲ ဆိုတာ ဆက်လက် တွေးတောနေပါသေးတယ်။ အခုချိန်မှာ ကျွန်တော်တို့ အားလုံး စိတ်ပျက်နေတာကို ငြင်းစရာ မလိုပါဘူး။ ဒီအခိုက်အတန့်က ကျွန်တော့်ရဲ့ ဒီအသင်းမှာ ရှိနေတဲ့ ကာလတလျှောက် အဆိုးဝါးဆုံး အခိုက်အတန့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ။ ဒီရှုံးပွဲ အတွက် ကျွန်တော့်ဘက်က အပြည့်အဝ တာဝန်ယူပါတယ်။ ကျွန်တော့်ရဲ့ အရည်အချင်း အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ်။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကျွန်တော် ရောက်စေချင်တဲ့ နေရာတခုဆီ ပို့ပေးနိုင်ဖို့ နီးစပ်နေပြီလို့လည်း ယုံကြည်ထားပါတယ်” လို့ ပြောကြားခဲ့တာပါ။