အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး ဘောလုံး အသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီဂန်းနား ဆိုးလ်ရှား က သူ့ရဲ့ အသင်းကို ချီးကျုးတာ အတွက် အသိအမှတ်ပြုကြောင်း နဲ့ သူ့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားထက် တစ်ပွဲပြီးတစ်ပွဲ ပိုမို တိုးတက်လာဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရှက်ဖီးလ် အသင်းနဲ့ လိဒ်ယူနိုက်တက် အသင်းတို့ကို အနိုင်ရခဲ့တာဟာ မန်ယူ အသင်းအတွက်တော့ ဇယားရဲ့ ထိပ်ပိုင်းကို ရောက်ရှိစေခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာက လီဗာပူး အသင်းနဲ့ တစ်ပွဲလျော့ ကစားပြီး ငါးမှတ် ကွာ အနေအထား ထိရောက်ရှိစေခဲ့ပါတယ်။

Photo Credit: Express

မန်ယူ အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် ကလည်း ယူနိုက်တက် အသင်းအနေနဲ့ ရာသီစ ပုံစံကောင်းတွေ မပြသနိုင်ခဲ့ပေမယ့် အခုအချိန်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းစာရင်းထဲမှာတောင် ပါဝင်လာနိုင်တဲ့ အတွက် အံ့အား သင့်မိကြောင်း ပြောဆိုခဲ့ပါတယ်။ မန်ယူ အသင်း လာမယ့်စနေနေ့ညမှာ နောက်ထပ် ရင်ဆိုင်ရမယ့် အသင်းကတော့ အမှတ်ပေးဇယား အဆင့် ၂ နေရာ မှာ ရှိနေတဲ့ လက်စတာစီးတီး အသင်းဖြစ်ပြီးတော့ နည်းပြ ဆိုးလ်ရှားက ချန်ပီယံဆု နဲ့ ပတ်သက်ပြီး ပွဲဆူနေမှုတွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားကတော့ အသင်း အဝတ်လဲခန်းထဲမှာ ချန်ပီယံဆုအကြောင်းကို မဆွေးနွေး ဖြစ်ကြောင်း နဲ့ သူ့ရဲ့ ကစားသမားတွေ အနေနဲ့ နောက်ကျမှ အများကြီး ချီးကျုးခံရတာဟာ မတူညီတဲ့ အတွေ့အကြုံ တစ်မျိုးလိုပဲလို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express

“ ယူနိုက်တက် အသင်းမှာ ဘာပဲ ဖြစ်ဖြစ် ဆူညံသံတွေရှိနေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အသင်းအနေနဲ့ တိုးတက်အောင် ကစားရပါတယ်။ ဒီဟာက ရာသီအကုန်မှာ ဘာဖလားကို မဆို စိန်ခေါ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါကြောင့်မို့ အဲ့ဒါက ကျွန်တော်တို့ ဆွေးနွေးလေ့ရှိတဲ့ အရာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆွေးနွေးတဲ့ တစ်ခုတည်းသော အရာက တစ်နေ့ထက်တစ်နေ့ တိုးတက်လာဖို့ အာရုံစိုက်ပြီးတော့ အချို့အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာပါပဲ။ အခုချိန်မှာ ကျွန်တော်တို့ ချီးကျုးခံနေရပြီးတော့ အဲ့ဒါကလည်း ကျွန်တော်တို့ အတွက် နောက်ထပ် သင်ယူစရာ တစ်ခုပါပဲ။ ကစားပွဲဆိုတာ တစ်ပွဲပြီး တစ်ပွဲ ကစားနေရတာပါ။ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီလို တွေးဖို့ လိုပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် အသင်း အနေနဲ့ လက်စတာ ‌နဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး လေးပွဲမှာ လေးပွဲစလုံး အနိုင်ရရှိထားပြီးတော့ လက်စတာစီးတီး အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ငါးပွဲအထိ ရှုံးပွဲကြုံတွေ့ထားတာ ကြောင့် မန်ယူ အသင်း အနေနဲ့ အဝေးကွင်း အဝေးကွင်း ၁၁ ပွဲဆက် အနိုင်ရရှိသွားပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာအထိကို တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားရပါတယ်။