မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့အားအနည်းဆုံးအပိုင်းဖြစ်နေတဲ့ ဗဟိုခံစစ်နေရာအတွက် ခံစစ်ကစားသမားသစ်တွေကို ခေါ်ယူသွားမှာမဟုတ်ကြောင်းနဲ့ အခုလို အသင်းက ခံစစ်ယိုယွင်းမှုတွေ ဖြစ်နေရခြင်းဟာ အသင်းရဲ့အကောင်းဆုံးပုံစံကို မရရှိသေးလို့သာဖြစ်တဲ့အတွက် ခံစစ်ကို ကစားသမားသစ်တွေနဲ့ အားဖြည့်တင်းသွားဖို့ မလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The42

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ပေးဂိုး(၅)ဂိုး ခွင့်ပြုထားခဲ့ရတဲ့အပြင် သူတို့အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာပဲ အရေးနိမ့်ခဲ့တဲ့အထိ ခံစစ်ကစားပုံက အရမ်းဆိုးရွှားနေခဲ့ပါတယ်။ အထူးသဖြင့် ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယားနဲ့လင်ဒီလော့ကြားမှာ အချိတ်အဆက်တွေက ကောင်းမွန်မှုမရှိလှသလို ကစားသမားတွေရဲ့တစ်ဦးချင်းအမှားတွေ အားနည်းချက်တွေကနေ သွင်းဂိုးတွေကို အလွယ်တကူ ခွင့်ပြုနေရတဲ့အတွက် ယူနိုက်တက်ပရိသတ်များစွာက အသင်းကို ခံစစ်ပိုင်း ပြုပြင်ပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်။

Photo Credit : The Irish Sun

ဒါပေမယ့်လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ သူ့အသင်းအပေါ်မှာ ဆက်လက်ကို ယုံကြည်နေဆဲဖြစ်ပြီး အသင်းအနေနဲ့ ဟန်ချက်ပြန်ညီသွားတဲ့အခါမှာ တည်ငြိမ်တဲ့ ခံစစ်ကစားပုံကို ပြန်ရနိုင်တဲ့အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ မလိုအပ်သေးဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဆိုးလ်ရှားက “ကျွန်တော်အတွက်ကတော့ အခုအချိန်မှာ အရမ်းကောင်းတဲ့ ဗဟိုခံစစ်ကစားသမားတွေ လုံလုံလောက်လောက် ရရှိထားတယ်လို့ပဲ မြင်မိပါတယ်။ သင့်အနေနဲ့ တစ်ဖက်အသင်းကို အခွင့်အရေးတွေ ပေးမယ်တဲ့အခါ ဒါမှမဟုတ် သွင်းဂိုးတွေ ခွင့်ပြုခဲ့မိတဲ့အခါ သင်က အကြောင်းအရာ(၂)ခုကို ပြန်ကြည့်မိနိုင်တယ်။ ပထမတစ်ချက်ကတော့ အသင်းရဲ့ပုံစံ။ နောက်တစ်ချက်ကတော့ တစ်ဦးချင်းအမှားတွေပါ။ ကျွန်တော်တို့အသင်းက လက်ရှိအချိန်မှာ အကောင်းပုံစံ ရှိမနေပါဘူး။ ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ ခံစစ်ပိုင်းကနေ ပြိုင်ဘက်အသင်းရဲ့ဖြတ်တင်ဘောတွေကို ကောင်းကောင်းမတားဆီးနိုင်သလို ပြိုင်ဘက်တိုက်စစ်ကစားသမားတွေရဲ့နောက် အပြေးအလွှားနဲ့ မလိုက်နိုင်ဘူး။ တစ်ဦးချင်းအမှားတွေထက် ကစားပုံကနေတစ်ဆင့် မှားယွင်းခဲ့ရတဲ့ အမှားတွေက ပိုများပြားနေပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာတော့ လင်ဒီလော့ရဲ့ကစားပုံ ကောင်းမွန်ခဲ့တယ်လို့လည်း ထင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။