ယနေ့မနက် အစောပိုင်းမှာ ပိုလန်နိုင်ငံ Gdanskမြို့ Stadion Energa Gdansk ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီ ယူရိုပါလိဂ်ဖိုင်နယ် မှာတော့ စပိန်ကလပ် ဗီလာရီးရဲလ်အသင်းဟာ နာမည်ကြီး အင်္ဂလန်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပင်နယ်တီမှာ အနိုင်ရရှိခဲ့ပြီး အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ဥရောပဆုဖလား တလုံးကို ရယူသွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဗီလာရီးရဲလ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား မိုရီနိုရဲ့ ပွဲကစားချိန် ၂၉မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၅၅မိနစ်မှာ ကာဗာနီက မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့တာကြောင့် ပွဲကစားချိန် ၁၂၀မိနစ် ပြည့်တဲ့ အချိန်မှာ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

Photo Credit: Goal

ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ဗီလာရီးရဲလ် အသင်းဘက်က ၁၁ယောက်လုံး ဂိုးဝင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က နောက်ဆုံး ကန်သွင်းတဲ့ ဂိုးသမား ဒီဂီယာရဲ့ ကန်ချက်ကို ဗီလာရီးရဲလ် ဂိုးသမား ရူလီက ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့် ဗီလာရီးရဲလ်အသင်းဟာ ယူရိုပါလိဂ် ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ပွဲအတွင်းမှာ ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကို လူစားမလဲတာ ၊ ပင်နယ်တီနဲ့ ပတ်သတ်ပြီး ကံမကောင်းတတ်တဲ့ ဒီဂီယာကို ပင်နယ်တီ ဖမ်းခိုင်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကာ ဆိုးလ်ရှားကတော့ ယူရိုပါလိဂ်ဖိုင်နယ် ရှုံးပွဲကြောင့် သူတို့ဟာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ခပ်မြန်မြန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Goal

အသင်းကို အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ့် အကြောင်းကို ဆိုးလ်ရှားက – “ကျွန်တော်တို့က လူအများ ထင်ထားသလောက် စွမ်းဆောင်ရည်ကိုပဲ ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းဖို့ လိုအပ်တယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး အလုပ်ကြိုးစားဖို့ လိုအပ်တယ်။ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး တိုးတက်ဖို့ ကျွန်တော်တို့ရဲ့ ပွဲထွက် လူစာရင်းမှာ ထည့်သွင်းနိုင်မယ့် ကစားသမား ၂ယောက် ဒါမှမဟုတ် ၃ယောက်ကို လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက် အသင်းတွေကလည်း အခုထက် ပိုပြီး တိုးတက်အောင် လုပ်မယ် ဆိုတာ သေချာပါတယ်” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ၊ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုနဲ့ ဗီလာရီးရဲလ်အသင်းရဲ့ နောက်ခံလူ တောရက်စ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်း နေပါတယ်။