ဘောလုံးရာသီတစ်ခု အပြီးသတ်ဖို့ ပွဲအနည်းငယ်လောက်ဖို့ ကျန်ရှိနေတော့တဲ့ အချိန်ကာလမျိုးမှာပဲ ကလပ်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နာမည်ကျော်နည်းပြကြီး ဟိုဆေးမော်ရင်ဟိုဟာ အသင်းလက်မဲ့ဘဝကို အချိန်အကြာကြီး မဖြတ်သန်းလိုက်ရပဲ အီတလီစီးရီးအေကလပ် ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူသွားဖို့ အခွင့်အရေးရလာခဲ့ပြီး လာမယ့်ရာသီမှာပဲ မော်ရင်ဟိုကို စီးရီးအေမှာ တကျော့ပြန်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

မော်ရင်ဟိုဟာ ယခင်ကတည်းက စီးရီးအေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး အင်တာမီလန်အသင်းကို သမိုင်းဝင်အောင်မြင်မှုအဖြစ် တစ်ရာသီအတွင်းမှာပဲ ဆုဖလား(၃)လုံးထိ ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ မော်ရင်ဟိုရဲ့ အရှိန်အဝါတွေ ကျဆင်းလာခဲ့ရတယ်ဆိုပေမယ့်လည်း သူ့အတွက် အဆင်မပြေနိုင်တော့တဲ့ အင်္ဂလန်မြေကို စွန့်ခွာပြီး သူအောင်မြင်ခဲ့ဖူးတဲ့ အီတလီမြေကို ပြောင်းရွှေ့လာခဲ့ခြင်းက သူ့အတွက် အောင်မြင်မှုလမ်းစတွေ ပြန်လည်ထွက်ပေါ်လာနိုင်ပါတယ်။ မော်ရင်ဟို စီးရီးအေမှာ အောင်မြင်မှုတွေ ပြန်လည်ရှာဖွေနိုင်လိမ့်မယ်လို့လည်း မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားလ်ကပါ ယုံကြည်လို့နေပါတယ်။

Photo Credit : TVP Sport

ရိုးမားနဲ့ ပူးပေါင်းတော့မယ့် မော်ရင်ဟိုနဲ့ပတ်သက်ပြီး ဆိုးရှားလ်က “မော်ရင်ဟိုကို ရိုးမားအသင်းကို ကိုင်တွယ်တော့မယ်ဆိုတာက ဒါက တကယ့်ကို သတင်းကြီးတစ်ခုပါ။ သူက ထိပ်တန်းနည်းပြတစ်ယောက် ဖြစ်ခဲ့သလို အခုလည်း ဖြစ်နေဆဲပါပဲ။ ဘောလုံးအတွက်ဆိုုရင် အရာတော်တော်များများကို ပေးဆပ်ခဲ့တဲ့ နည်းပြကောင်းတစ်ပါ။ အခု သူ ရိုးမားအသင်းနဲ့ ဆက်ပြီးလက်တွဲသွားတော့မယ်လို့ ကြားမိရတော့ သူ့အတွက် ပျော်ရွှင်မိပါတယ်။ သူက တကယ့်ကို အောင်မြင်သူတစ်ယောက်ပါ။ သူ့အတွက် အကောင်းဆုံးအရာတွေ ဖြစ်လာပါစေလို့ ဆန္ဒပြုပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ သူ့လို နည်းပြမျိုး ထွက်ခွာသွားခဲ့တဲ့အပေါ် စိတ်မကောင်းတော့ ဖြစ်မိရပေမယ့် အီတလီစီးရီးအေမှာ သူအောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆိုးရှားလ်ဟာ မော်ရင်ဟိုရဲ့ အသင်းသစ်ဖြစ်လာမယ့် ရိုးမားအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ကျော်ဖြတ်နိုင်ခဲ့ပြီိး ဗိုလ်လုပွဲဆီကို တတ်လှမ်းထားခဲ့ပါတယ်။