ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၈)မှာ လက်စတာအသင်းကို မရှုမလှ အရေးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ဖရက်ဒ်ကို လက်လွှတ်ထားရတာကြောင့် အခုလို အရေးနိမ့်ခဲ့တာပါလို့ ဆင်ခြေပေးလာခဲ့ပြန်ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်၂ပွဲမှာ ၁ပွဲသရေ ၊ ၁ပွဲရှုံး ရလဒ်သာ ရထားတာကြောင့် လက်စတာအသင်းနဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့သလို အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပေမယ့် ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး အဝေးကွင်း ရှုံးပွဲမရှိ စံချိန်မှတ်တမ်းလည်း ကျိုးပျက်ခဲ့ရပါတယ်။

Photo Credit: Express

လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ရိုနယ်ဒို ၊ ဆန်ချို ၊ ဂရင်းဝုဒ် ၊ ပေါ့ဘာ ၊ ဖာနန်ဒက် စတဲ့ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့သလို ဦးဆောင်ဂိုးလည်း ရရှိခဲ့ပေမယ့် လက်စတာအသင်းရဲ့ ကွင်းလယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပဲ ခံစစ်ပိုင်းကလည်း အမှားအယွင်းတွေ များပြားခဲ့တာကြောင့် ပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဆိုးလ်ရှားက သူတို့အသင်းဟာ သွင်းဂိုးတွေကို ခပ်လွယ်လွယ် ခွင့်ပြုနေရကြောင်း ဝန်ခံသွားခဲ့သလို သူ့အနေနဲ့ လုပ်အားနှုန်း ကောင်းမွန်တဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဖရက်ဒ်ကို သတိရမိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ဆိုးလ်ရှားက – “ ကျွန်တော်တို့ ကစားပုံ မကောင်းတာ အတော်လေး ကြာနေပါပြီ။ ပြီးတော့ ရမှတ်တွေ အများအပြားကိုလည်း ဆုံးရှုံးထားရပါတယ်။ ကျွန်တော်တို့ ဒါတွေကို ပြင်ဆင်နိုင်ဖို့ လိုပါမယ်။ ကျွန်တော်တို့ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်။ ဒီပွဲမှာ ဆိုရင် ကျွန်တော်တို့ လုပ်အားနှုန်း ကောင်းမွန်ဖို့ လိုအပ်ခဲ့တာပါ။ ကျွန်တော်တို့ ဘောလုံးရတဲ့ အချိန်မှာရော ၊ ဘောလုံးဆုံးရှုံးတဲ့ အချိန်တွေမှာပါ ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။ ဘောလုံးဆုံးရှုံးသွားရင် ပြေးရမယ် ၊ ကာရမယ် ၊ ဖျက်ထုတ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါတွေကို တခုမှ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဖရက်ဒ်နဲ့ ကာဗာနီလို ထိပ်တန်း ကစားသမားတွေကို လွမ်းမိပါတယ်။ ဒီလိုပြောလို့ ကျွန်တော်က ဆင်ခြေပေးတယ်လို့ မထင်စေချင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။