မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားကတော့ ESPN အားကစားရုပ်သံနဲ့ အင်တာဗျူးတစ်ခုမှာ သူအနေနဲ့ ဒီနှစ်ဘောလုံးရာသီရဲ့ ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း မနှစ်ကဆောင်းစျေးကွက်မှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့သလိုမျိုး အသင်းအတွက် ထိပ်တန်းကစားသမားခေါ်ယူမှုတွေကို လုပ်ဆောင်သွားဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : BBC

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဖြစ်သူ ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ ရလဒ်ပိုင်းတွေက တဟုန်ထိုးကောင်းမွန်လာခဲ့ကာ အသင်းကလည်း ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီရာသီရဲ့ ဆောင်းစျေးကွက်အတွင်းမှာတော့ မနှစ်ကလိုမျိုး Big Signing တွေ ဖြစ်ပေါ်လာဖို့ဆိုတာ ဖြစ်နိုင်ခြေက နည်းပါးလွန်းတယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဆိုးလ်ရှားက “အခြေအနေတွေက လွန်ခဲ့တဲ့တစ်နှစ်တုန်းကနဲ့ မတူညီတော့ပါဘူး။ ဒါကြောင့် တစ်စုံတစ်ခု ဖြစ်လာနိုင်ဖို့ဆိုတာက ဖြစ်နိုင်ခြေနည်းပါးလွန်းပါတယ်။ ဒါပေမယ့် ခင်ဗျားမှန်ပါတယ်။ ဘရူနိုအသင်းကို ရောက်ရှိလာတာက အသင်းအတွက် သက်ရောက်မှု တော်တော်ကြီးမားခဲ့တယ်။ ဒါကနေ အသင်းက ပိုကောင်းမွန်လာခဲ့သလို သူလည်းကစားပုံ ပိုမိုကောင်းမွန်လာခဲ့တယ်။ ဒါပေမယ့် တကယ်လို့များ စျေးကွက်အတွင်းမှာ မျက်စိကျစရာတွေ ရှိလာခဲ့တယ်ဆိုရင်တော့ ကျွန်တော်ငြင်းပယ်သွားမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာဖို့ကလည်း ဖြစ်နိုင်ခြေနည်းပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်အတွက် အသင်းရဲ့နောက်ခံကစားသမား အဲရစ်ဘိုင်လီ ဗစ်တာလင်ဒီလော့နဲ့ လုခ်ရှောတို့ ဒဏ်ရာပြသာနာတွေကြောင့် ပါဝင်ကစားဖို့ မသေမချာ ဖြစ်လို့နေတဲ့အပြင် အသင်းခေါင်းေဆာင် ဟယ်ရီမက်ဂွိုင်းယားကလည်း ဒီရာသီမှာ အဝါကတ်(၄)ကြိမ်အထိ ပြသထားခံရတာကြောင့် ဘန်လေနဲ့ပွဲမှာပါ နောက်ထပ်အဝါကတ်တစ်ကြိမ် ထပ်မံပြသခံရမယ်ဆိုရင် လာမယ့်လီဗာပူးလ်အသင်းနဲ့ပွဲကိုပါ လွဲချော်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဆိုးလ်ရှားကတော့ မက်ဂွိုင်းယားကို ဘန်လေနဲ့ပွဲမှာ ထည့်သွင်းအသုံးပြုမှာဖြစ်ပြီး လက်ရှိကစားရမယ့် ဘန်လေနဲ့ပွဲကိုပဲ အာရုံစိုက်ထားမှာဖြစ်ကာ ဒီပွဲကိုကျော်ပြီး လီဗာပူးလ်နဲ့ပွဲကို အာရုံစိုက်ထားမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။