ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလားကို အရယူနိုင်တဲ့ အနေအထားမှာ ရှိကြောင်း ကြုံးဝါး ပြောဆို သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံးရာသီ အစမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲစလုံးကို အနိုင်ရခဲ့တာကြောင့် တစ်ပွဲလျော့ အနေအထားမှာ အမှတ်ပေးဇယားရဲ့ အဆင့်၇ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး လက်ကျန် တစ်ပွဲကိုသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ စပါးအသင်းနဲ့ ၂မှတ်ကွာ အနေအထားကို ရောက်ရှိ သွားမှာလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းပေါ်မှာ ရှိသေးတယ် လို့ သုံးသပ်ရမှာ ဖြစ်ပြီး ချန်ပီယံ ခြေစွမ်း ရှိ ၊ မရှိ ဆိုတာကိုတော့ ပရီးမီးယားလိဂ်ရဲ့ အခက်ခဲဆုံး ကာလ တစ်ခုဖြစ်တဲ့ ဒီဇင်ဘာ ပွဲကြပ်ကာလ အတွင်းမှာ ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားရင်း ပြသ သွားရတော့မှာပါ။ ယနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီဇင်ဘာ ပွဲကြပ်ကာလရဲ့ ပထမဦးဆုံး ပွဲစဉ်အဖြစ် ဒါဘီပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစား သွားရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ရလဒ်ကောင်း တစ်စုံတစ်ရာ ရရှိမလား ဆိုတာက စောင့်ကြည့် ချင်စရာပါ။ ဆိုးလ်ရှားကတော့ သူ့ရဲ့အသင်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေပြီး မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်စွမ်း ရှိကြောင်း ကြုံးဝါး သွားခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်တဲ့ အစွမ်းရှိကြောင်းကို ဆိုးလ်ရှားက “မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေရင် ခင်ဗျားက အမြဲတမ်း ဆုဖလားတွေ ရရှိဖို့ကို ပစ်မှတ်ထား ကြိုးစားရမှာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ သုံးရာသီ အတွင်း ကျွန်တော်တို့အသင်း အပါအဝင် အခြားအသင်းတွေရဲ့ အထက်မှာ အမြဲတမ်း ရှိခဲ့တဲ့ အသင်းနှစ်သင်း ရှိပါတယ်။ ဒါပေမယ့် ဒီရာသီ ဒါမှမဟုတ် ဒီနှစ်ရဲ့ အစကတည်းက ကျွန်တော်တို့ အသင်းဟာ ပိုပြီး တိုးတက်လာသလို ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ယုံကြည် ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော်တို့ ပိုပြီး တိုးတက်ဖို့ လိုခဲ့တာကို ကျွန်တော် မငြင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အသင်းရဲ့ အဝေးကွင်း စွမ်းဆောင်ရည်ကို တခြား ဘယ်အသင်းမှ လိုက်မမှီသေးပါဘူး။ ကျွန်တော်ကတော့ ပွဲစဉ်တိုင်းကို အနိုင်ရဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် ဖလားကို ရနိုင်တယ် လို့ ယုံကြည်ပါတယ်။ ခင်ဗျားသာ ပွဲတိုင်းကို နိုင်သွားရင် အဆုံးသတ်မှာ ဆုဖလားက ခင်ဗျားရဲ့ လက်ထဲကို ရောက်လာမှာပဲလေ” လို့ ပြောကြား သွားခဲ့ပါတယ်။