ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အစောဆုံး ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာ နှစ်ဂိုး အရှုံးကနေ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် သုံးဂိုး ပြန်သွင်းကာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ အဝေးကွင်း နိုင်ပွဲဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး အကြိမ်အဖြစ် အဝေးကွင်းပွဲစဉ် ၈ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ စံချိန်ကို ရယူပေးနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာလည်း ယူနိုက်တက် အသင်းရဲ့ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၈ပွဲ ဆက်တိုက် အနိုင်ရရှိတဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Metro

ဆောက်သမ်တန်အသင်းရဲ့ စိန့်မေရီကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပထမပိုင်းမှာ ဆောက်သမ်တန် အသင်းရဲ့ ခပ်ကြမ်းကြမ်း ကစားပုံကြောင့် ယူနိုက်တက်တို့ အနေနဲ့ ကစားပုံ တည်ဖို့ ခက်ခဲခဲ့ပြီး ဆောက်သမ်တန် အသင်းကတော့ တည်ကန်ဘောတွေ ကနေ တဆင့် ဦးဆောင်ဂိုး နှစ်ဂိုး ရရှိခဲ့ပါတယ်။ ဆောက်သမ်တန် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၃မိနစ်မှာ ဘတ်နာရစ်နဲ့ ပွဲကစားချိန် ၃၃မိနစ်မှာ ဝက်ဒ်ပရော့စ်တို့က သွင်းယူ ပေးခဲ့ကြတာပါ။ ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လူစားလဲမှု နှစ်ခုကို တစ်ပြိုင်နက်ထဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာ ရရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာနေရာမှာ ဟန်ဒါဆန်နဲ့ ခြေစွမ်းမပြနိုင်တဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်နေရာမှာ ကာဗာနီကို လူစားလဲခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Metro

ကာဗာနီကို လူစားလဲခဲ့တာဟာ ပွဲရဲ့ အလှည့်အပြောင်း တစ်ခုကို ဖြစ်စေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ချေပဂိုး နှစ်ဂိုးနဲ့ အနိုင်ဂိုး သုံးဂိုး စလုံးဟာ ကာဗာနီနဲ့ သက်ဆိုင်ခဲ့ပါတယ်။ ယူနိုက်တက် အသင်း အတွက် ပထမဦးဆုံး ချေပဂိုးကိုတော့ ပွဲကစားချိန် ၅၉မိနစ်မှာ ကာဗာနီရဲ့ ပေးပို့မှုကနေ တဆင့် ဖာနန်ဒက် က သွင်းယူပေးခဲ့ပြီး ဒုတိယ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ကာဗာနီက ပွဲကစားချိန် ၇၄မိနစ်နဲ့ ၉၃မိနစ် တို့မှာ ခေါင်းတိုက်ကာ သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ အဝေးကွင်းနိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တစ်ပွဲလျော့ အနေအထားနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရရှိခဲ့ပါက အဆင့်၁မှာ ဦးဆောင်နေတဲ့ စပါးအသင်းနဲ့ ၂မှတ်သာ ကွာဟတော့မှာလည်း ဖြစ်ပါတယ်။