နည်းပြအိုလေဂန်နာဆိုးလ်ရှားက သူရဲ့ကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းမှာ အချိန်အတိုင်းအတာတစ်ခုထိ ဆက်လက်ကိုင်တွယ်သွားရဖို့အတွက် အသင်းကို ရလဒ်ကောင်းတွေ ယူဆောင်ပေးဖို့ လိုအပ်နေတဲ့အပြင် လက်ရှိ ယူနိုက်တက်အသင်း ဖြတ်သန်းနေရတဲ့ ပွဲကျပ်ကာလအတွင်းမှာလည်း ရလဒ်တွေ မဆိုးရွှားလွန်းအောင် ဆောင်ရွှက်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ ဆိုးလ်ရှားက ယူနိုက်တက်ဟာ မန်ချက်စတာမြိုု့မှာရော ကမ္ဘာပေါ်မှာပါ ထိပ်တန်းကလပ်အသင်း တစ်သင်းအဖြစ် ရပ်တည်နေသေးတယ်လို့ ကြုံးဝါးခဲ့ပြီး အသင်းသားတွေရဲ့ စိတ်ဓါတ်ကို မြင့်တင်ပေးလိုက်ပါတယ်။

Photo Credit : Marca

ယူနိုက်တက်အသင်း တာဝန်ရှိသူတွေ ဘုတ်အဖွဲ့ဝင်တွေက ဒီနှစ်ဘောလုံးရာသီမှာ နည်းပြဆိုးလ်ရှားအတွက် သူလိုချင်နေတဲ့ ဆန်ချို ဗာရန်းတို့လို ကစားသမားတွေအပြင် အသင်းရဲ့ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုကိုပါ ပြန်လည်ခေါ်ဆောင်ထားလို့ အသင်းအပေါ် အောင်ပွဲမျှော်လင့်ချက်တွေ ဆုဖလား မျှော်လင့်ချက်တွေ မြင့်တတ်လာခဲ့ပေမယ့် ဆိုးလ်ရှားက အသင်းကို အကောင်းဆုံး အခြေအနေရောက်အောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိတာကြောင့် နည်းပြရာထူးကနေပါ ဖယ်ရှားခံရမယ့်အထိ ဖိအားများနေရတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆိုးလ်ရှားဟာ ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ပွဲကျပ်တစ်ပွဲကိုပါ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲမှာ ရလဒ်ကောင်းတစ်ခုကို ရယူဖို့ လိုအပ်နေပြီး ဆိုးလ်ရှားကိုယ်တိုင်ကတော့ မန်ချက်စတာ(၂)သင်းလုံးမှာရော ကမ္ဘာပေါ်မှာပါ သူတို့ရဲ့ ယူနိုက်တက်အသင်းက ထိပ်ဆုံးနေရာမှာသာ ရှိနေတာလို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဆိုးလ်ရှားက “အရေးကြီးတာက ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတာအတွင်း မန်စီးတီးအသင်း လုပ်ဆောင်ခဲ့တာတွေ စွမ်းဆောင်ခဲ့တာတွေကို လေးစားမှုရှိဖို့ပါပဲ။ ဒါမှမဟုတ် နောက်ဆုံး(၄)နှစ်(၅)နှစ်အအတွင်း အင်္ဂလန်နဲ့ ဥရောပအတွင်း သူတို့ဘယ်လောက်အထိ လွှမ်းမိုးမှု ရှိခဲ့လဲဆိုတာကိုပါ လေးစားရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်အသင်းပါ။ ကျွန်တော်တို့အနေနဲ့ အမြဲတမ်း ပြန်လာမှာပါ။ ကျွန်တော်တို့အသင်းက မန်ချက်စတာမှာဆိုရင် နံပါတ်တစ်ကလပ်အသင်း တစ်သင်းလို့ကို ကျွန်တော် ထင်မိပါတယ်။ ဒါကလည်း ကမ္ဘာပေါ်မှာပါ ထိပ်တန်းအသင်း တစ်သင်းဖြစ်နေတယ်လို့ အဓိပ္ပါယ်ရှိနိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို (၁)ကြိမ်သာ ရယူထားနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ခါးသီးမြို့ခံအသင်း မန်စီးတီးကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၅)ကြိမ်အထိပါ ရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားလက်အောက် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ထိကို အမြင့်ဆုံးအဖြစ် ရောက်ရှိခဲ့တာဖြစ်ပြီး ဆုဖလားအောင်မြင်မှု တစ်ကြိမ်မှကို မပိုင်ဆိုင်နိုင်ခဲ့ပဲ ၂၀၁၆-၂၀၁ရရာသီနောက်ပိုင်းကတည်းက ဆုဖလားလက်မဲ့ ဖြစ်နေရပါတယ်။