လက်စတာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ပါဝင်ကစားထားပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရားဟာ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ချက်ချင်းလူစားလဲခဲ့ရပြီး သူရဲ့အသင်းဟောင်း လက်စတာနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား မက်ဂွိုင်းရားဟာ ၂၀၁၉ခုနှစ်ကပဲ လက်စတာကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက်ဖြစ်သလို အသင်းခေါင်းဆောင် တာဝန်ကိုပါ ထမ်းဆောင်နေသူဖြစ်ပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပွဲချိန်ပြည့် ဆက်တိုက်ပါဝင်ကစားနေခဲ့ရာ ဗီလာအသင်းနဲ့ ပွဲစဉ်မှာတော့ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ရလို့ ယူနိုက်တက်ရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်ရဖွယ် ရှိနေသလို ဗီလာရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုပါ လွဲချော်လာရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေတွေ ရှိနေပေမယ့် ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားလ်ကတော့ သူရဲ့ကစားသမား မက်ဂွိုင်းရားအနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ ပါဝင်ကစားနိုင်ဖို့ ယုံကြည်နေပါတယ်။ မက်ဂွိုင်းရားရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဆိုးရှားလ်က “သူရဲ့ဒဏ်ရာကို စစ်ဆေးကြည့်မိသလောက်တော့ ကံကောင်းတာက ပြင်းထန်လွန်းတဲ့ လက္ခဏာမျိုးကို ရှိမနေဘူး။ ဒါက အရွှတ်ပျက်ဆီးသွားတာပါ။ ဒါပေမယ့် ဒီရာသီရဲ့ လက်ကျန်ပွဲတွေကို သူဝင်ကစားနိုင်ပါ့ဦးမလားဆိုတာကိုတော့ ကျွန်တော်တို့တွေ စောင့်ကြည့်သွားရမယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုလည်း ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ မနေ့က အိုးထရက်ဖိုဒ့်မှာ ကျင်းပခဲ့တဲ့ ယူနိုက်တက်နဲ့ လက်စတာအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ခြေထောက်အကာနဲ့ လာရောက်ကြည့်ရှုခဲ့ပြီး လူငယ်ကစားသမားလေးတွေကို အော်ဟစ်ညွှန့်ကြားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ လီဗာပူးလ် ဖူလ်ဟမ် ဝုလ်ဗ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆင်နွဲရဦးမှာဖြစ်ပြီး မေ(၂၇)မှာတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။