မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ကိုရိုနာဗိုင်းရပ် ပြဿနာကြောင့် ပရီးမီးယားလိဂ်ပွဲတွေကို ရပ်နားထားရာကနေ ပြန်လည် ကျင်းပချိန်မှာ ကစားခဲ့ရတဲ့ စပါး အသင်း ၊ ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်နှစ်ပွဲမှာ မပါဝင်ခဲ့ရတဲ့ အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား လင်ဂတ်ဟာ ယနေ့ညမှာ ကစားမယ့် နောဝှစ်ချ် အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲထွက် လူစာရင်းကနေ ပါဝင်လာမှာဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။ မန်ယူအသင်း ဟာ နောဝှစ်ချ်အသင်းနဲ့ ပွဲမတိုင်မီမှာ စပါး အသင်း ၊ ရှက်ဖီးလ်အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားခဲ့ရပြီး စပါးအသင်းကို အဝေးကွင်းမှာ သရေ ၊ ရှက်ဖီးလ်အသင်းကို အိမ်ကွင်းမှာ အနိုင်ရလဒ် စတဲ့ ရလဒ်ကောင်းတွေကို အရယူထားနိုင်ခဲ့ပါတယ်။

Photo Credit: Tribuna

ယနေ့ည ၁၁နာရီအချိန်မှာ ကစားကြမယ့် နောဝှစ်ချ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဟာ နောဝှစ်ချ် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Carrow Road မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အဆိုပါပွဲစဉ် မှာတော့ မန်ယူအသင်းဟာ အနိုင်ရရှိမယ့်အသင်း အဖြစ် ရေပန်းစားလို့ နေပါတယ်။ နောဝှစ်ချ် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်၂၀ နေရာ ကို ရောက်ရှိနေတာကြောင့် တန်းမဆင်း ရဖို့ ရုန်းကန်နေရတဲ့ အသင်းတစ်သင်း ဖြစ်ပြီး လက်ရှိ အနေအထားမှာ အက်ဖ်အေဖလားမှာ နောက်တစ်ဆင့် တက်ဖို့ထက် ပရီးမီးယားလိဂ် မှာ တန်းတင်ကျန်ရစ်ဖို့က ပိုအရေးကြီးလို့ နေပါတယ်။ ဒါ့ကြောင့်လည်း ဘောလုံးသုံးသပ်သူ အများစုက ဒီနေ့ပွဲစဉ်မှာ မန်ယူအသင်းကသာ အသာစီးရသွားလိမ့်မယ်လို့ သုံးသပ်ထားခဲ့ကြပါတယ်။

Photo Credit: Tribuna

မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်မှာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲမှာ မကစားခဲ့ရတဲ့ ကစားသမားတွေကို အဓိက ပွဲထုတ်သွားဖို့ ရှိပြီး လင်ဂတ်ကို ပွဲထွက်လူစာရင်းမှာ သုံးသွားမယ် လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ လင်ဂတ်ရဲ့ ပွဲထွက်ခွင့်နဲ့ပတ်သတ်ပြီး ဆိုးလ်ရှားက ” ဂျက်စီ လင်ဂတ်က ကျွန်တော်တို့ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးခဲ့သလို အခုထိလည်း အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားအဖြစ် ရှိနေဆဲပါ။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ သူ့ကို ကြည့်ရတာ ပျော်ရွှင်နေပါတယ်။ Lockdown ကာလ ပြီးသွားတဲ့အချိန်မှာပဲ ဂျက်စီ(လင်ဂတ်) က အပြုံးတွေနဲ့အတူ ပြန်ရောက်လာခဲ့တဲ့ သူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ထဲမှာတော့ သူက အနည်းငယ် ဖျားနာခဲ့ပါတယ်။ အခုတော့ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးပါပြီ။ ဒါ့ကြောင့် နောဝှစ်ချ်အသင်းနဲ့ပွဲမှာ သူ ပါဝင်လာမှာပါ။ ပွဲထွက် ကစားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ် ” လို့ အတည်ပြုစကား ဆိုသွားခဲ့တာပါ။