ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားက သူတို့အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်သူ လင်ဂတ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား လင်ဂတ်ဟာ ငယ်စဉ်ထဲက မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးခဲ့သူ တဦး ဖြစ်သလို အသင်းရဲ့ လူငယ် အကယ်ဒမီကနေ အသင်းကြီးဆီ ရောက်ရှိလာတဲ့ ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: News Clay

လက်ရှိမှာတော့ လင်ဂတ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ အလိုရှိနေပေမယ့် လင်ဂတ်ကတော့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် ရဖို့ အတွက် သူ့ကို ပုံမှန်နေရာ ပေးနိုင်မှသာ စာချုပ်သစ် ချုပ်မယ်လို့ အကြောင်းပြန်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှား ကတော့ နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲ ၊ ယန်းဘွိုင်းနဲ့ပွဲတို့မှာ လင်ဂတ်ကို လူစားဝင် ကစားသမား အဖြစ် သုံးစွဲခဲ့ပြီး အဆိုပါနှစ်ပွဲမှာ လင်ဂတ်ဟာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို သူ့ရဲ့အမှားကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယန်းဘွိုင်းအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အမှတ်မထင် အရေးနိမ့်ခဲ့တာပါ။

Photo Credit: News Clay

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အသင်းဟာ လင်ဂတ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြောင်း ပရိသတ်တွေကို အသိပေးလာပါတယ်။

လင်ဂတ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေမှုနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက – “သူက အသင်းနဲ့ စာချုပ် ၁နှစ်သာ ကျန်တော့တာကြောင့် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဖို့ သူရယ် သူ့အဖေရယ်နဲ့ တိုက်ရိုက် ဆွေးနွေးနေပါတယ်။ ဂျက်စီက ဝက်စ်ဟမ်းအသင်းမှာ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပြီး ကျွန်တော်တို့ဆီ ပြန်ရောက်လာတာပါ။ သူက သူ့ရဲ့ အရည်အသွေးကို ပြနိုင်ခဲ့တယ်။ ဝက်စ်ဟမ်းအတွက် ဂိုးတွေ အများကြီး သွင်းပေးနိုင်ခဲ့ပြီး အင်္ဂလန်အသင်း အတွက် ပြန်ရွေးချယ်ခံခဲ့ရတယ်။ ကျွန်တော် ကတော့ အကောင်းဆုံး ဂျက်စီကို ဒီရာသီမှာ မြင်တွေ့ချင်ပါတယ်။ ကျွန်တော်တို့ သူ့ကို ထောက်ပံ့ကူညီသွားမယ်။ အသင်းမှာလည်း သူ ဆက်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ သူဟာ ကလေးဘဝထဲက မန်ချက်စတာ ယူနိုက်တက်ကို အားပေးခဲ့တဲ့ ကစားသမားပါ” လို့ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။