ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယမန်နေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားတဲ့ အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်တဲ့ လင်ဒီလော့ဖ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး ပွဲအပြီး အင်တာဗျူးမှာ ပြောပြ သွားခဲ့ပါတယ်။ အသက် ၂၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွီဒင် ခံစစ်မှူး လင်ဒီလော့ဖ်ဟာ ဘင်ဖီကာအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာပြီး နောက်မှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး လက်ရှိ ဘောလုံးရာသီမှာလည်း အသင်းရဲ့ ပွဲစဉ် အတော်များများကို ပါဝင် ကစားပေးခဲ့ပါတယ်။

Photo Credit: Standard

လက်စတာအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လင်ဒီလော့ဖ်ဟာ ဝမ်ဘစ္စကာ မပါဝင်နိုင်တဲ့ ညာခြမ်းခံစစ်မှာ နေရာယူ ကစားခဲ့ရပြီး နေရာသစ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၆၅မိနစ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းဖော် တွမ်ဇီဘီနဲ့ လူစားလဲခဲ့ ရပါတယ်။ လက်ရှိမှာတော့ လင်ဒီလော့ဖ် ရရှိသွားတဲ့ ဒဏ်ရာအကြောင်း အသေးစိတ် မသိရသေးပေမယ့် ကျွမ်းကျင်သူတွေ ကတော့ လင်ဒီလော့ဖ်ဟာ ယခင်ကတည်းက သူ့မှာ ရှိနေတဲ့ ကျောဒဏ်ရာဟာ ပိုမို ဆိုးရွားလာတာ ဖြစ်ကြောင်း သုံးသပ် ထားကြပါတယ်။ ဆိုးလ်ရှား ကတော့ လင်ဒီလော့ဖ်ရဲ့ ဒဏ်ရာ အသေးစိတ်ကို သိရဖို့ ဆက်လက် စစ်ဆေးရဦးမယ် လို့ ဆိုသွားပါတယ်။

Photo Credit: Standard

လင်ဒီလော့ဖ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “သူဟာ ကျောဒဏ်ရာ ရရှိသွားတယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဝုဗ်ဗာဟမ်တန်နဲ့ ပွဲစဉ် မတိုင်မီ စစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ် သွားရမှာပါ။ အခုချိန်မှာ အဲရစ် (ဘိုင်လီ) က ကြံ့ခိုင်မှု ပြည့်ဝနေပါပြီ။ တွမ်ဇီဘီကလည်း အတူတူပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဝုဗ်ဗာဟမ်တန်နဲ့ ပွဲစဉ် မတိုင်မီ အခြေအနေတွေကို စောင့်ကြည့် သွားရမှာပါ။ ကျွန်တော်တို့မှာ စိုးရိမ်ပူပန်နေဖို့ အချိန် မရှိပါဘူး။ အခုချိန်ကစပြီး ဝုဗ်နဲ့ ပွဲစဉ် အတွက် ပြင်ဆင်ဖို့ ကျွန်တော်တို့မှာ နာရီ ၃၀လောက်ပဲ အချိန် ရပါတယ်။ ဒါကြောင့် ကစားသမားတွေဟာ ဒီအချိန်ကို အကျိုးရှိရှိ အသုံးချမယ် လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြား သွားပါတယ်။