ချယ်လ်ဆီးအသင်းရဲ့ အသင်းသားဟောင်းတစ်ယောက်ကနေ အသင်းရဲ့နည်းပြဖြစ်လာခဲ့ရတဲ့ ဖရန့်လမ်းပတ်က သူ့လိုပဲ အသင်းသားဘဝကနေ အသင်းနည်းပြဖြစ်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ အိုလေဂန်နာဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ ရှုံးပွဲတွေ ကြုံတွေ့နေချိန်မှာ ဝေဖန်မှုဒဏ်တွေ ပိုမိုအလူးအလဲ ရင်ဆိုင်နေရခြင်းဟာ အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက် ဖြစ်နေခဲ့ရခြင်းကြောင့်သာဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

နည်းပြဆိုးလ်ရှားဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းကို အကောင်းပုံစံရအောင် ကိုင်တွယ်နိုင်ခြင်းမရှိပဲ ရလဒ်ပိုင်းတွေလည်း တည်ငြိမ်ခြင်းမရှိတာကြောင့် အသင်းကနေ ကောင်းတလှည့်ဆိုးတလှည့် ဖြစ်လို့နေကာ ချန်ပီယံလိဂ်မှာလည်း အုပ်စုတတိယနေရာပဲ ရယူနိုင်ခဲ့လို့ ပြိုင်ပွဲကနေ လှည့်ပြန်ထားခဲ့ရပါတယ်။ ဒီလို ရှုံးပွဲမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ဆိုးလ်ရှားဟာ ပုံမှန်ထက်ကို ပိုမိုဝေဖန်ခံခဲ့ရပြီး ဒီလို လိုတာထက် ပိုဝေဖန်ခံရခြင်းဟာ ဆိုးလ်ရှားက ယူနိုက်တက်အသင်းရဲ့ အသင်းသားဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးခြင်းကြောင့်သာဖြစ်တယ်လို့ လမ်းပတ်က မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

လမ်းပတ်က “ကျွန်တော်တို့အားလုံးက ကောင်းမွန်လှတဲ့ အချိန်တွေ ဆိုးရွှားလှတဲ့ အချိန်တွေ ရှိခဲ့ကြပါတယ်။ ကျွန်တော် အိုလေရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ ထင်မြင်ချက်တစ်ခု ပေးချင်ပါတယ်။ ကျွန်တော်တော့ ဒါကို မှားတယ်လို့ထင်ပါတယ်။ မေးခွန်းတွေကိုတော့ ကျွန်တော်ဖြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သင်အနေနဲ့ ဒီကလပ်အသင်းအတွက် ပါဝင်ကစားခဲ့ဖူးတယ်ဆိုရင် ပရိသတ်တွေက ဒါကို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ကြလိမ့်မယ်လို့ ထင်မိပါတယ်။ တကယ်လို့ သင်အနေနဲ့ အရမ်းကို ခက်ခဲလွန်းတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီဆိုရင် သင့်အနေနဲ့ ဒီအသင်းမှာ နည်းပြဖြစ်နေရခြင်းက ဒီအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက် ဖြစ်ခဲ့ခြင်းလို့ပဲဆိုတဲ့ စကားလုံးတွေ လူတွေက အလွယ်တကူကို ပြောလာကြလိမ့်မယ်။ ဒါတွေက သင်ဒီအသင်းအတွက် ကြိုးစားလုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ဆန့်ကျင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေက ကျွန်တော်နဲ့ အိုလေတို့ပဲ ကြုံတွေ့ရတာမဟုတ်ပဲ အခြားသောနည်းပြတွေပါ ရင်ဆိုင်နေရတဲ့ အခြေအနေတွေပါ။ ဒါပေမယ့် တစ်ခုရှိတာကတော့ ဒါတွေကို သင်ဘက်ကနေ ခံစားလို့ရပေမယ့် ညည်းညူနေလို့တော့ မရနိုင်ပါဘူး။ သင့်အနေနဲ့ သင့်အလုပ်ကို သင်ဆက်လုပ်နေတာဖြစ်သလို ကျွန်တော်ဆိုရင်လည်း အိုလေလိုပဲ လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်နေရတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။