ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် တန်းတက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာ စီးတီးအသင်းကတော့ ချယ်လ်ဆီးအသင်းဆီ လက်လွတ်လိုက်ရတဲ့ သူတို့ရဲ့ နည်းပြ အန်ဇို မာရီစကာနေရာမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားနဲ့ အစားထိုးသွားဖို့ စီစဉ်လာခဲ့ပါတယ်။

လက်စတာအသင်းဟာ နည်းပြ မာရီစကာနေရာမှာ အစားထိုးဖို့အတွက် နည်းပြများစွာကို ပစ်မှတ်ထားလျက် ရှိနေရာ The Sun သတင်းစာရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ဆွေးနွေးမှုတွေပါ ပြုလုပ်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Football365

လက်စတာက သူတို့အသင်းကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ မာရီစကာကို ဆုံးရှုံးလိုက်ရလို့ သူ့နေရာအတွက် မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားဟောင်းကြီး (၂)ဦးနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကနဦး သတင်းထွက်ပေါ်ခဲ့တာကတော့ PSV နည်းပြဟောင်းနဲ့ ယူနိုက်တက် ကစားသမားဟောင်း ရုဒ် ဗန် နစ္စတယ်ရွိုင်းနဲ့ဖြစ်ပြီး အခုလည်း ဆိုးလ်ရှားနဲ့ပါ သတင်းထွက်လာခဲ့ပါတယ်။ ဆိုးလ်ရှားကလည်း ယူနိုက်တက် နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးကတည်းက အခုထိ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Sky Sports

ထိပ်တန်း နည်းပြတစ်ဦး မဟုတ်ပေမယ့်လည်း ယူနိုက်တက်နဲ့အတူ အတွေ့အကြုံများစွာ ရှိခဲ့ရတဲ့ ဆိုးလ်ရှားကို ကလပ်အသင်းတချို့နဲ့ နိုင်ငံလက်ရွေးစင်အသင်းတချို့က နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆက်သွယ်မှုတွေ ရှိခဲ့ပေမယ့်လည်း အခုအချိန်ထိ အဆင်ပြေမှု မရှိသေးပဲ အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

ဒီရက်ပိုင်းလေးအတွင်းမှာပဲ တူရကီကလပ် ဘက်ရှီးတက်အသင်းကို ကိုင်တွယ်ဖို့ နီးစပ်ခဲ့သေးတဲ့ ဆိုးလ်ရှားဟာ အခုတော့ လက်စတာနည်းပြအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ အခွင့်အရေး ရလာခဲ့ပြန်ပြီဖြစ်ပြီး ဒီအခွင့်အရေးကို ဆိုးလ်ရှား ရယူသွားနိုင်မလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။