မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုခဲ့သလို လတ်တလောမှာ ရော်နယ်လ်ဒိုရဲ့ အားထုတ်မှုနဲ့ အသင်းရဲ့ခံစစ်အတွက် လိုက်ပါနိုင်မှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်နေကြသူတွေအနေနဲ့ ဒီပွဲအတွင်း ရော်နယ်လ်ဒိုရဲ့ လုပ်ဆောင်ချက်တွေကို အရင်ကြည့်ရှုသင့်တယ်လို့ ပြန်လည်တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sports Pundit

ယူနိုက်တက်အသင်းဟာ မနေ့ညက ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ရုန်းကန်ခဲ့ရသလို ဧည့်သည်အတ္တလန်တာအသင်းဘက်ကို သွင်းဂိုး(၂)ဂိုး ခွင့်ပြုထားခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှသာ ယူနိုက်တက်တို့ ပြန်လာနိုင်ခဲ့ပြီး ရပ်ရှ်ဖိုဒ့်နဲ့ မက်ဂွိုင်းယားတို့ ချေပဂိုးတွေ အသီးသီး သွင်းယူခဲ့ကြသလို အသင်းရဲ့ အဓိက ကစားသမားကြီး ရော်နယ်လ်ဒိုမှာလည်း လုခ်ရှေုာရဲ့ ကောင်းမွန်လှတဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကိုပါ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့်လည်း ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပြိုင်ဘက်အသင်းပေါင်း (၃၈)သင်းကို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပြိုင်ဘက်အများဆုံးကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ်နဲ့ပါ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : The Independent

ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “သူက ပထမပိုင်းမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့် မားကပ်စ်က ဆက်ပြီးလုပ်ဆောင်နိုင်ခဲ့တယ်။ သူ့မှာ အနည်းငယ် ထိခိုက်မှု ရှိထားခဲ့ပေမယ့် သူက ကျွန်တော်တို့အသင်းအတွက် အရေးပါဆုံးအဖြစ် ဆက်ကစားပြသွားနိုင်ခဲ့တယ်။ ဟယ်ရီမက်ဂွိုင်းယားရဲ့ အဆုံးသတ်သွင်းဂိုးဟာလည်း တကယ့်ကို အံ့မခန်းပါပဲ။ သင်တို့အနေနဲ့ မက်ဂွိုင်းယားဆီကနေ ဒီလို အဆုံးသတ်ဂိုးမျိုးကို တွေ့မြင်ဖို့ မျှော်လင့်ထားကြလိမ့်မှာ မဟုတ်ဘူးလို့လည်း ထင်ပါတယ်။ ခရစ္စတီယာနိုကလည်း ဂိုးပေါက်ရှေ့မှာဆိုရင် အရမ်းကို ထက်မြက်လှပါတယ်။ ဘယ်သူမဆို သူရဲ့ကြိုးစားအားထုတ်မှုနဲ့ အခြားစွမ်းဆောင်ရည်တွေအပေါ် ဝေဖန်ပြစ်တင်ချင်နေတယ်ဆိုရင် ဒီပွဲကိုပဲ ကြည့်လိုက်ပါ။ သူက ကွင်းအတွင်းမှာ ဘယ်လိုပြေးလွှားနေလဲဆိုတာကို မြင်ကြည့်ပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပြီး ရော်နယ်လ်ဒိုက ပင်နယ်တီ ဧရိယာအတွင်း တိုက်စစ်ကစားသမားတစ်ယောက် လုပ်ဆောင်သင့်တဲ့ အရာမှန်သမျှကို လုပ်ဆောင်နိုင်ပြီး (၆)ကိုက်စည်းထဲမှာ အဆုံးသတ်ကောင်းသူလို့ပါ အမွှန်းတင် ပြောဆိုသွားခဲ့ပါတယ်။