ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆုဖလားတွေ ရယူဖို့ အတွက် ရှိနေတာပါလို့ ဗီလာရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဗာရန်း ၊ ဆန်ချိုတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း မြင့်မားလာမယ်လို့ သတ်မှတ်ခံထားရပေမယ့် ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ကာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာထားရသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲမှာလည်း ယန်းဘွိုင်းအသင်းကို အရေးနိမ့်ခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် လက်ကျန် ၅ပွဲမှာ အမှားခံလို့ မရတော့ပါဘူး။

Photo Credit: Sky Sports

ဒါ့အပြင် ပြီးခဲ့တဲ့ တပတ်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗီလာအသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ကာ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဦးဆုံး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ အနည်းငယ် လှုပ်ခါလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ် တချို့ကလည်း ဆိုးလ်ရှားသာ ဆက်ရှိနေရင် အသင်းက ဆုဖလားတွေကို ရယူနိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြကာ အသင်းကနေ ဆိုးလ်ရှား ထွက်သွားဖို့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဆိုးလ်ရှားက သူဟာ ဆုဖလားတွေ ရယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရှိနေတာ ဖြစ်ကြောင်းနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ အမြန်ဆုံး ကြိုးစားပါ့မယ် ဆိုပြီး ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဆိုးလ်ရှားက – “မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေရင် ဆုဖလားတွေ ရယူပေးဖို့ ဖိအားပေးခံရမှာပါ။ ဒီဖိအားကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အလုပ်လုပ်ဖို့ ပျော်ရွှင်ကြတာပေါ့။ ကျွန်တော်တို့က ရလဒ်တွေသာ အရေးကြီးတဲ့ ကမ္ဘာကြီးတခုမှာ နေထိုင်နေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်လာတာ ၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ တဖြည်းဖြည်း ပိုမို ကြီးမားလာတာကို အားလုံးပဲ နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ဒီနေရာမှာ ဆုဖလားတွေ ရယူဖို့ ရှိနေတာပါ။ ဒီအသင်းအတွက် ကိုယ်စားပြုနေရင် အမြဲတမ်း အနိုင်ရဖို့ လိုအပ်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။