ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရရှိပြီးနောက် သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ အတွက် မျှော်လင့်နိုင်သေးကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ ဘန်လေအသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါပွဲစဉ်မှာ အသင်းနှစ်သင်းရဲ့ ခြေစွမ်းဟာ အလွန်အမင်း ကွာဟခြင်း မရှိပေမယ့် မန်ယူအသင်းဟာ ဂိုးသွင်းခွင့် အမြောက်အများကို ဖန်တီးနိုင်ခဲ့သလို ဂရင်းဝုဒ်ရဲ့ တစ်ကိုယ်တော် ခြေစွမ်းက မန်ယူအသင်း အတွက် အရေးပါခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့်ပဲ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆၆မှတ်အထိ ရရှိခဲ့ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ ၈မှတ်အကွာ အနေအထားကို ရောက်ရှိလာပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၆ပွဲသာ ကျန်တော့တာကြောင့် မန်စီးတီးအသင်း အနေနဲ့ နောက်ထပ် ၄ပွဲကို အနိုင်ရရုံနဲ့ ချန်ပီယံဘွဲ့ကို ခံယူနိုင်တော့မှာ ဖြစ်ပေမယ့် မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ ချန်ပီယံဆုအတွက် အရှုံးမပေးသေးပါဘူး။

Photo Credit: Goal

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် သူတို့အသင်းမှာ အခွင့်အရေးတွေ ရှိနေသေးတဲ့ အကြောင်းကို ဆိုးလ်ရှားက – “ပွဲတိုင်းက မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အရေးပါသလို ကျွန်တော်တို့ဟာလည်း ရမှတ်တွေကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ပါဘူး။ ကျွန်တော်တို့က မန်စီးတီးကို လိုက်မှီဦးမလား? ဘောလုံးလောကမှာ ထူးဆန်းတဲ့ အရာတွေက ဖြစ်တတ်ပါတယ်။ ဦးဆောင်နေတဲ့ လူတွေကလည်း အမှားတွေကို လုပ်တတ်တယ်လေ။ သူတို့က အရမ်းကောင်းတဲ့ အသင်းတစ်သင်း ဖြစ်သလို သူတို့ကို လိုက်မှီဖို့ မျှော်လင့်ရတာဟာ ခက်တာကတော့ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ လိဂ်လက်ကျန်ပွဲတွေ အားလုံးကို နိုင်အောင် ကန်ရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲ့ဒါပြီးရင်တော့ မန်စီးတီးအသင်း တစ်ခုခု ဖြစ်သွားဖို့ ကျွန်တော်တို့ မျှော်လင့်လို့ ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။