ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က သူတို့အသင်းနဲ့ မနက်ဖြန်မှာ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး VAR ဆုံးဖြတ်ချက်တွေအပိုင်းမှာ ယူနိုက်တက်က အခြားအသင်းတွေထက် မျက်နှာသာပေးခံနေရတယ်လို့ ဝေဖန်ပြောဆိုလာခဲ့တဲ့အပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူတို့ရဲ့ ပြိုင်ဘက်အသင်းတွေက VAR နဲ့ပတ်သက်ပြီး ဇာတ်ညွှန်းတွေ ဖန်တီးနေတယ်လို့ ပြန်လည်တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဆိုးလ်ရှားက “ကြည့်ရတာတော့ ဇာတ်ညွှန်းတစ်ခု ရှိနေသလိုပါပဲ။ လူတွေက VAR ဆုံးဖြတ်ချက်တွေကို ချမှတ်နေတဲ့ တာဝန်ရှိသူတွေအပေါ်မှာ လွှမ်းမိုးချင်နေတယ် ထင်ပါတယ်။ နောက်ပြီး လူတွေက ကျွန်တော်တို့အသင်းနဲ့ပတ်သက်ပြီး ကံကောင်းတယ်လို့လည်း ပြောနေပါသေးတယ်။ ကျွန်တော်တို့က ကံကောင်းတာထက် ကံပဲဆိုးနေခဲ့ရတာပါ။ ကျွန်တော်ကတော့ တခြားနည်းပြတွေလို ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် တကယ်အမှန် ဆုံးဖြတ်ချက်တွေ ခင်ဗျားပြန်ကြည့်တဲ့အခါ ခင်ဗျားလူကျွံနေမယ်ဆိုရင် ဒါဟာ လူကျွံမှုပဲလေ”

Photo Credit : AS English

“ကံတရားအကြောင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ စပါးနဲ့ပွဲ နောက်ဆုံးမိနစ်လောက်မှာ ပင်နယ်တီကန်ခွင့်ရခဲ့တယ်။ VAR ကြောင့်ပဲ အဲ့ဒီပင်နယ်တီကို ပယ်ဖျက်ခံရတယ်လေ။ ကျွန်တော်တို့အတွက် ရမှတ်(၂)မှတ် ဆုံးရှံးခဲ့တယ်။ ဆောက်သမ်တန်နဲ့ပွဲမှာလည်း ဂရင်းဝုဒ်ကို ကစားပုံကြမ်းတမ်းခဲ့တဲ့ ရိုမီယူကို အနီကတ်ပြသခဲ့သင့်တာရော။ အဲ့ဒီဖျက်ထုတ်မှုက ဂရင်းဝုဒ်ကို ခြေထောက်ကျိုးသွားစေနိုင်တယ်။ ဒါကိုသာ အနီကတ်ပြခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အဲ့ဒီပွဲက ဒီလောက်ခက်ခဲမှာ မဟုတ်ဘူး။ ဝက်စ်ဟမ်းကို ကျွန်တော်တို့အသင်း ရှံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာလည်း မက်နိုဘယ်လည်း အနီကတ်ပြခံရသင့်တာပဲ” လို့ တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ကို စပါးနည်းပြ ဂျိုးဆေးမော်ရင်ဟိုကိုယ်တိုင်က အရမ်းကံကောင်းလွန်းနေတဲ့အသင်းလို့ ခနဲ့ပြောဆိုထားခဲ့သလို လမ်းပတ်ကလည်း ယူနိုက်တက်အသင်းက မကြာခဏ ပင်နယ်တီတွေ ရတတ်လွန်းတာကို သူရဲ့အသင်းသားတွေအနေနဲ့ သတိထားကစားဖို့ လိုအပ်တယ်လို့လည်း ပြောဆိုထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းကလည်း ဒီရာသီမှာ အခြားသော ကလပ်အသင်းတွေထက် ပင်နယ်တီကန်ခွင့်တွေ ပိုမိုရရှိထားပြီး (၁၃)ကြိမ်အထိကို ကန်ခွင့်ရထားခဲ့ပါတယ်။