ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယမန်နေ့မှာ ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ ထိုက်တန်မှု မရှိတဲ့ ရှုံးပွဲ ဖြစ်ကြောင်းနဲ့ ဗီလာအသင်းရဲ့ အနိုင်ဂိုးဟာ လူကျွံဘော ဖြစ်နေကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ဗီလာအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ရပြီး ဗီလာနောက်ခံလူ ဟောက်စ်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ကာ ယခုနှစ် ဘောလုံးရာသီရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ဗီလာအသင်း ရရှိသွားတဲ့ အနိုင်ဂိုးနဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင်နဲ့ VARအဖွဲ့ကို ဝေဖန်မှုတွေ ရှိနေခဲ့ပြီး ဗီလာအသင်းရဲ့ နောက်ခံလူ ဟောက်စ် ခေါင်းတိုက်ဂိုး သွင်းယူနေတဲ့ အချိန်မှာ ဗီလာတိုက်စစ်မှူး ဝက်စ်ကင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာရဲ့ အနားမှာ ရှိနေကာ လူကျွံအနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

စည်းကြပ်ဒိုင်ကလည်း အဆိုပါ သွင်းဂိုးဟာ လူကျွံဘော ဖြစ်ကြောင်း အလံထောင်ကာ ကွင်းလယ်ဒိုင်ကို အချက်ပြခဲ့ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VARအဖွဲ့ကတော့ သွင်းဂိုးအဖြစ် ဆုံးဖြတ်ကာ ပွဲကို ဆက်လက် ကစားစေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်ဒိုင်နဲ့ VARရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး လက်စတာအသင်းရဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကာ ဝေဖန်ခဲ့ပါတယ်။

Photo Credit: The Sun

ဆိုးလ်ရှားက – “ကျွန်တော်တို့ဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးက ကောင်းမွန်တဲ့ သွင်းဂိုး တဂိုး ဖြစ်ခဲ့ရင် အဲ့ဒီသွင်းဂိုးကို လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ဒီဂိုးက လူကျွံဘောပါ။ ဟောက်စ်က ခေါင်းတိုက်ခဲ့တဲ့ အချိန်မှာပဲ ဝက်စ်ကင်းက ဒီဂီယာကို ကာထားခဲ့ပါတယ်။ ဒါက ဘယ်လိုဖြစ်ပြီး သွင်းဂိုး ဖြစ်သွားရတာလဲ။ လက်စတာလည်း ဒီလိုဖြစ်ရပ်မျိုး ကြုံဖူးပြီး သူတို့ကတော့ ဂိုးမရခဲ့ပါဘူး။ ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် တည်ငြိမ်မှု မရှိတာလို့ပဲ မြင်ပါတယ်။ ဒါက လူကျွံဘောပါ။ ပြီးတော့ စည်းကြပ်ဒိုင်ကလည်း လူကျွံဘော ဖြစ်ကြောင်း အလံထောင်ခဲ့ပါတယ်။ ဒါပေမယ့် VARကတော့ ဒါကို လက်မခံပါဘူး။ နောက်ထပ်တကြိမ် VARရဲ့ အမှားပေါ့” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။