မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် နဲ့ လက်ရှိ (၂၀၂၀) ခုနှစ်ကို နှိုင်းယှဉ် ဆွေးနွေးခဲ့ပြီး မန်ယူအသင်းမှာ မကောင်းတဲ့ အတွေး မရှိတော့ဘဲနဲ့ ကောင်းတဲ့ အတွေးတွေသာ ရှိတော့တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကို စတင် ကိုယ်တွင်ခဲ့စဉ်က ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) ပွဲဆက် ရှုံးပွဲ မရှိခဲ့ပေမယ့်လည်း ချန်ပီယံလဂ် (၁၆) သင်းအဆင့်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ရလဒ်ပိုင်းက သိသိသာသာ ကျဆင်းခဲ့ပါတယ်။

Photo Credit: Dailymail

မန်ယူအသင်းဟာ (၂၀၁၈-၁၉) ရာသီ မကုန်ခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၉) ပွဲမှာ (၅) ပွဲ ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းပြီးသား ကာဒစ်ဗ်အသင်းကိုလည်း ရှုံးသွားခဲ့တာကြောင့် မန်ယူအသင်းရဲ့ ပရိသတ်တွေ ကိုယ်တိုင်က မန်ယူအသင်းကို အပြင်းအထန် စောဒတက် ဝေဖန်ခဲ့ကြပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ ပထမရာသီကနေ သင်ခန်းစာယူပြီး ဒုတိယရာသီကို စတင်တဲ့ အချိန်မှာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၁) ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တာကြောင့် သူက မန်ယူအသင်းမှာ မကောင်းတဲ့ အတွေး မရှိတော့ဘဲ ကောင်းတဲ့ အတွေးပဲ ရှိတော့တယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: Dailymail

နည်းပြ ဆိုးလ်ရှားက “ကျွန်တော် အသင်းမှာ လူဆိုးထက် လူကောင်းကိုသာ ပို လိုချင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးက အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့က အဖွဲ့လိုက်နေကြရတဲ အသင်းတစ်သင်းပါပဲ။ ကစားသမားတွေမှာ တစ်ကိုယ်ကောင်းစိတ် ရှိတာကို လက်ခံနိုင်တယ် ဆိုပေမယ့်လည်း အလိုက်သင့် အလိုက်ထိုက် နေတတ်ရမယ်။ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာဆိုရင် ကစားသမားတွေက ရုပ်ပိုင်းရော စိတ်ပိုင်းရော ပင်ပန်းခဲ့ကြပြီး ဒဏ်ရာတွေလည်း ရခဲ့ကြတယ်။ ကစားသမားတွေမှာ မကောင်းတဲ့ အတွေးတွေသာ ရှိခဲ့ပေမယ့် အခုတော့ အကောင်းမြင်စိတ်ပဲ ရှိပါတော့တယ်။ ပြီးခဲ့တဲ့ နှစ်က ကျွန်တော် မကြိုက်တဲ့ အခြားအရာတွေလည်း ရှိနေခဲ့ပါတယ်။ အချို့ ပုဂ္ဂိုလ်ရေး ပြဿနာ ဆိုရင် နွေရာသီအထိ မဖြေရှင်းနိုင်ခဲ့ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။