ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဆဲလ်ဖို့ဒ်အသင်းနဲ့ EFL ပွဲစဉ်မှာ ခြေစွမ်းပြ ကစားသွားနိုင်ခဲ့တဲ့ အသင်းရဲ့ ပြင်သစ် လူငယ် ကွင်းလယ်လူ မက်ချ်ဘရီကို ရာသီသစ်မှာ နေရာပေးသွားဖို့ စဉ်းစားနေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။ လက်ရှိအချိန်မှာ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ကွင်းလယ်လူ မက်ချ်ဘရီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအစကမှ မန်ယူအသင်းထံ ရောက်ရှိလာသူ ဖြစ်ပြီး မန်ယူအသင်းဟာ မက်ချ်ဘရီကို ခေါ်ယူဖို့ အတွက် သူ့ရဲ့အသင်းဟောင်း မိုနာကိုအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

အသက် ၁၆နှစ် အရွယ် လူငယ် ကစားသမား တစ်ဦးအတွက် ယူရို ၁၀ သန်း အထိ သုံးစွဲခဲ့တာကို ကြည့်ရင် မန်ယူအသင်းဟာ မက်ချ်ဘရီအပေါ် အတော်လေး မျှော်လင့်ထားကြောင်း သိနိုင်သလို မက်ချ်ဘရီဟာလည်း မန်ယူအသင်းမှာ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့သူပါ။ မက်ချ်ဘရီဟာ မန်ယူအသင်းထံ ရောက်ရှိကာစမှာ ယူ – ၁၈ အသင်းမှာသာ ကစားခွင့်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာတော့ ယူ-၂၃ အသင်းဆီကို ရောက်ရှိခဲ့ပြီး လက်ရှိ ဘောလုံးရာသီ အစမှာတော့ အသင်းကြီးအတွက် ပထမဦးဆုံးအကြိမ် ဝင်ရောက် ကစားပေးနိုင်ခဲ့သလို ခြေစွမ်းလည်း ပြသနိုင်ခဲ့ပါတယ်။ မက်ချ်ဘရီဟာ မန်ယူအသင်းနဲ့ ဆဲလ်ဖို့ဒ်အသင်းတို့ ကစားခဲ့တဲ့ EFL ဖလားပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားပေးနိုင်ခဲ့သလို ၁ဂိုး သွင်းယူကာ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့သူပါ။

Photo Credit: Standard

ဒါ့ကြောင့်ပဲ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက မန်ယူအသင်းနဲ့ နီးစပ်သူတွေ ကို ချဉ်းကပ်ကာ ဆိုးလ်ရှားရဲ့ မက်ချ်ဘရီအပေါ် ထားတဲ့ သဘောထားကို စုံစမ်းခဲ့ကြပြီး သိရှိရတဲ့ အချက်တွေ အရတော့ ဆိုးလ်ရှားဟာ မက်ချ်ဘရီကို ယခုနှစ် ဘောလုံးရာသီမှာ ပွဲထွက်ခွင့်တချို့ ပေးသွားမယ် လို့ သိရပါတယ်။ မန်ယူအသင်းနဲ့ နီးစပ်သူတွေရဲ့ ဖွင့်ဟ ပြောပြချက် အရတော့ ဆိုးလ်ရှားဟာ လက်ရှိ ဘောလုံးရာသီမှာ လူငယ် နောက်ခံလူ မန်ဂီနဲ့ ကွင်းလယ်လူ မက်ချ်ဘရီတို့ကို အသင်းကြီးထံ ခေါ်ယူကာ နေရာပေးဖို့ စဉ်းစားနေပြီး မန်ဂီဟာ မက်ချ်ဘရီထက် ပိုမို ပွဲကစားခွင့် ရမှာ မှန်ပေမယ့် မက်ချ်ဘရီဟာလည်း အသက်၁၇နှစ် အရွယ် ကစားသမားတစ်ဦး အတွက် လုံလောက်တဲ့ ပွဲထွက်ခွင့် ရရှိမယ်လို့ သိထားရပါတယ်။