အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သုံးစွဲဖို့အတွက် အပြောင်းအရွှေ့ ယူရို၃၀၀သန်းအထိ ချပေးထားတယ်လို့ သိရှိရပါတယ်။ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Bild ရဲ့ ပင်တိုင် သတင်းထောက် တစ်ဦးဖြစ်တဲ့ Christian Falk ဟာ မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ အနေနဲ့ လာမယ့် နွေရာသီမှာ အသင်းကို အင်အားများစွာ ဖြည့်တင်းဖို့အတွက် စဉ်းစားထားကြပြီး အပြောင်းအရွှေ့ အသုံးစရိတ်ကို ယူရို၃၀၀သန်း အထိ ချမှတ်ပေးထားကြောင်း အင်တာဗျူး တစ်ခုမှာ ဖြေဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Standard

Christian Falk ဟာ နာမည်ကြီး အားကစား သတင်းထောက် တစ်ဦးဖြစ်ကာ UtdReportနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆိုးလ်ရှား ရရှိမယ့် အသုံးစရိတ်ကို သူ့အနေနဲ့ သိရှိထားကြောင်းနဲ့ အဆိုပါ ပမာဏဟာ ပြောင်းရွှေ့ကြေး ယူရို၃၀၀သန်း ဖြစ်ကြောင်း ဖြေဆိုသွားခဲ့တာပါ။ Falkရဲ့ ပြောဆိုမှုအရတော့ မန်ယူအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ အခန်းကဏ္ဍကို တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ် လို့ သိရကာ အသင်းရဲ့ပစ်မှတ် ကစားသမားတွေ အကုန်လုံးကိုသာ ရခဲ့ပါက အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် သတ်မှတ်ထားတဲ့ ယူရို ၃၀၀ သန်း ကို အကုန်အစင် အသုံးချသွားမယ်လို့ သိထားရပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မန်ယူအသင်းဟာ ဒေါ့မွန် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ အတော်လေး ကြိုးပမ်းနေပြီး ဒေါ့မွန်အသင်းဘက်ကလည်း ဆန်ချိုကို ယူရို၁၀၀သန်းကျော်ကျော် ရရှိရုံနဲ့ ရောင်းချမှာ ဖြစ်တယ်လို့လည်း Falk က ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းဟာ ဆန်ချိုအပြင် လေဗာကူဆင် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဟာဗက်ဇ် ၊ အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ် ၊ အေဂျက်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တို့ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရှိထားရပါတယ်။ ကဲ ဘယ်လို ကစားသမားတွေက မန်ယူအသင်းထံ ရောက်ရှိ လာလိမ့်မယ်လို့ ထင်ထားကြလဲဗျ…။