ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆက်တိုက် ဆိုသလို ဆိုးရွားနေတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလာကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဗာရန်း ၊ ဆန်ချိုတို့လို ကစားသမားတွေကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် အသုံးပြုကာ အသင်းကို ခေါ်ယူ အားဖြည့်ထားပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ရည်မှန်းထားခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေပြီး ၂ပွဲရှုံး ၁ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ သေချာစေရန် လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားဖို့ လိုအပ်နေပြီး ယခုတပတ်မှာတော့ လတ်တလောမှာ ရပ်တန့်နိုင်ဖို့ ခက်တဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၈) အပြီးမှာ ရမှတ် ၁၄မှတ်သာ ရရှိထားကာ အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာမှာ ရှိနေပြီး အကယ်၍ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာသာ ထပ်မံ အရေးနိမ့်ခဲ့ပါက အမှတ်ပေးဇယားရဲ့ အဆင့်၁၀နေရာ အထိ ကျဆင်းသွားနိုင်ချေ ရှိပါတယ်။

Photo Credit: Sky Sports

အဆိုပါ အခြေအနေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေတာ ဖြစ်ပြီး အကယ်၍ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာသာ ဂိုးပြတ် ရှုံးပွဲတပွဲ ကြုံတွေ့ခဲ့ပါက ဆိုးလ်ရှားကို ချက်ချင်း ထုတ်ပယ်ဖွယ် ရှိကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဆိုးလ်ရှားအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း အတည်ပြုပေးထားပြီး အကယ်၍ လီဗာပူးနဲ့ပွဲမှာသာ ရလဒ်ကောင်း မရခဲ့ရင် ဆိုးလ်ရှားရဲ့ အခြေအနေဟာ ပိုမို ဆိုးရွားလာဖွယ် ရှိကြောင်း ပြောကြားထားပါတယ်။