ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း အဓိက အာရုံစိုက် ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲဟာ အမှတ်ပေးပြိုင်ပွဲသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဗာရန်း ၊ ဆန်ချိုတို့လို ကမ္ဘာ့အဆင့် ကစားသမား သုံးဦးကို ခေါ်ယူကာ အားဖြည့်နိုင်ခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းတသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Sport Bible

လက်ရှိမှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းကို အမှတ်မထင် အရေးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ရှုံးပွဲမရှိသေးပဲ ၄ပွဲကစားထားရာ ၃ပွဲနိုင် ၁ပွဲသရေ ရလဒ် ရရှိထားပြီး ရဂိုး ၁၁ဂိုး အထိ ရှိကာ ပေးဂိုး ၃ဂိုးသာ ရှိထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက သူတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည် ရယူနိုင်အောင် ကြိုးစားသွားဖို့ ရှိနေကြောင်း ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo Credit: Sport Bible

ဆိုးလ်ရှားက – “ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်ဖို့ ကြိုးစားနေတာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရှိနေရင် အမှတ်ပေးဖလားကို အမြဲတမ်း ရယူနိုင်ဖို့ ကြိုးစားရပါမယ်။ ဒါကြောင့်လည်း အိုးထရက်ဖို့ဒ်ကို အိမ်မက်ကဇာတ်ရုံလို့ နာမည်ပေးထားတာပေါ့။ ကြီးမားတဲ့ အိမ်မက်တွေသာ မရှိရင် ဘာကြောင့် ဒီအသင်းကို အားပေးနေရမှာလဲ။ ဒါကြောင့် ကျွန်တော်တို့က ပရိသတ်တွေ အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူပေးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။