မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂရန်နာဒါအသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဘက်က ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်(၃)ယောက်မှာလည်း ပေါ့ဘာ ဖာနန်ဒက်စ် ဖရက်တို့နဲ့ ပွဲထွက်လာခဲ့ပေမယ့် နည်းပြဆိုးရှားလ်က ဒုတိယပိုင်းအစမှာပဲ ကွင်းလယ်လူပေါ့ဘာကို ဗန်ဒယ်ဘိခ်နဲ့ လူစားလဲခဲ့ပြီး ဒီလို ပေါ့ဘာကို ကစားခွင့် ဆက်မပေးခဲ့ရတဲ့အကြောင်းကို ဆိုးရှားလ်က ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဂရန်နာဒါအသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ရသလို ကာဗာနီရဲ့အဖွင့်သွင်းဂိုးကိုလည်း သူကိုယ်တိုင် ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြ ဆိုးရှားလ်က ပေါ့ဘာကို ပထမပိုင်း (၄၅)မိနစ်သာ ကစားစေခဲ့ပြီး ဒုတိယပိုင်းအစမှာပဲ နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒွန်နီဗန်ဒယ်ဘိခ်နဲ့ လူစားလဲခဲ့ကာ အခုလို လူစားလဲရခြင်းက ပွဲချိန်(၁၇)မိနစ်မှာ အဝါကတ်ပြသထားခံရတာကြောင့် အနီကတ် ထပ်မံမပြသစေဖို့အတွက်သာ ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

ဆိုးရှားလ်က “တစ်ခါတစ်ရံကျရင် ပေါ့ဘာက ဘောလုံးရယူချင်စိတ်တွေ အရမ်းများနေတတ်တဲ့အခါမျိုးမှာ ဘောလုံးဖြတ်ထုတ်မှုတွေ လုပ်ဆောင်တတ်တယ်။ ဒီပွဲမှာလည်း ပေါ့ဘာဟာ အဝါကတ် ပြသထားခံပြီးရချိန်မှာတောင် ဖြတ်ထုတ်မှုတွေ (၂)ကြိမ်လောက် လုပ်ဆောင်သေးလို့ သူရဲ့ကစားပုံက ကောင်းမွန်နေပေမယ့် သူ့ကို အနီကတ်ပြသတာတွေ မဖြစ်လာရအောင် လူစားလဲလိုက်ရတာပါ။ ဒီပွဲမှာလည်း ကျွန်တော်တို့ဘက်ကနေ ကစားသမား(၃)ယောက်တောင် အဝါကတ်ပြစ်ဒဏ်တွေကြောင့် ပွဲပယ်ခံထားရပါသေးတယ်။ ဒီနှစ်ဘောလုံးရာသီက အသင်းတိုင်းအတွက် အတော်လေး ခက်ခဲနေရပါတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဂရန်နာဒါကို အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၄)ဂိုး ဂိုးမရှိနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၂)နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းထားခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာတော့ အီတလီစီးရီးအေကလပ် ရိုးမားအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာလည်းဖြစ်ပါတယ်။