နိုင်ဂျီးရီးယားအသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းကြီး ဗစ်တာအီဇီဂျီက သူရဲ့နိုင်ဂျီးရီးယား ဂျူနီယာကစားသမားဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အိုဒီယွန်အီဂါလိုကို ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားအနေနဲ့ ရှံးထွက်ဖလားပွဲစဉ်တွေမှာသာ အသုံးပြုတာမျိုးမဟုတ်ပဲ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း နေရာပေးသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၁)နှစ်အရွှယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အီဂါလိုဟာ မနှစ်က ဘောလုံးရာသီကမှ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ယူနိုက်တက်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အက်အေဖလားနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အသင်းအတွက် သွင်းဂိုး(၅)ဂိုးအထိ သွင်းယူခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် အီဂါလိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ စုစုပေါင်း မိနစ်(၂၀)ကျော်တဲ့အထိကို မကစားနိုင်ခဲ့တာကြောင့် အီဂါလိုကို ပိုမိုနေရာပေးသင့်တယ်လို့ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟောင်း အီဇီဂျီကနေ ဆိုးလ်ရှားကို တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Liga Olahraga

အီဇီဂျီက “နည်းပြတိုင်းကတော့ သူရဲ့ပွဲထွက်ကစားသမား(၁၁)ယောက်အပေါ် ယုံကြည်ကြသလို အီဂါလိုအတွက်ကိုလည်း မျှတဖို့လည်း လိုအပ်ပါတယ်။ ကိုဗစ်အခြေအနေကလည်း အီဂါလိုကို မကူညီနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်သာမဖြစ်ခဲ့ဘူးဆိုရင် ရပ်ဖိုဒ့်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံး ဝင်ကစားနိုင်မှာမဟုတ်လို့ အီဂါလိုအတွက် ပိုနေရာရနိုင်ပါတယ်။ ရပ်ဖိုဒ့်ပြန်လည်သက်သာလာချိန်မှာ အိုလေက ရပ်ဖိုဒ့်ကိုပဲ ပြန်လည်နေရာပေးခဲ့တယ်။ နောက်ပြီး မာစီယဲလ်နဲ့ ဂရင်းဝုဒ်တို့ကလည်း ပုံမှန်နေရာရနေတဲ့အတွက် အီဂါလိုအတွက် နေရာပျောက်လာခဲ့ရပါတယ်။ ဒါပေမယ့် တချို့ပွဲတွေမှာတော့ ဒီတိုက်စစ်ကစားသမား(၃)ယောက် ခြေမပေါ်ခဲ့တာမျိုးဖြစ်နေမယ်ဆိုရင် အီဂါလိုကို အိုလေအနေနဲ့ သုံးစွဲသင့်တယ်လို့ မြင်မိပါတယ်။ ပရီးမီးယားလိဂ်မှာ မိနစ်(၂၀)ကျော်လောက်တောင် ကစားခွင့်မရသေးတဲ့ ကစားသမားတစ်ယောက်ကို အငှားစာချုပ်သက်တမ်းတိုးမြင့်တာတော့ သိပ်မကောင်းဘူးလို့ ထင်ပါတယ်။ ဒါက စိတ်အားတတ်စရာလည်းမဟုတ်သလို ကစားသမားရဲ့ယုံကြည်မှုကို ကျဆင်းစေပါတယ်” လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အီဂါလိုကို ၂၀၂၁ခုနှစ် ဇန်နဝါရီလထိ အငှားသက်တမ်း တိုးမြှင့်ထားခဲ့တာဖြစ်ပေမယ့်လည်း အရန်တိုက်စစ်မှူးအဖြစ်နဲ့ပဲ ဆက်လက်သုံးစွဲဖွယ်သာ ရှိနေပါတယ်။