ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နောက်ဆုံးမိနစ် ပင်နယ်တီကို ကာကွယ်ကာ အသင်းအတွက် ရမှတ် ၃မှတ် ရယူပေးနိုင်ခဲ့တဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ လန်ဒန်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဝက်စ်ဟမ်းအသင်း အပေါ် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးကံခေမှုတွေ ၊ ကွင်းလယ်ဒိုင်ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပွဲဟာ နောက်ဆုံးမိနစ် အထိ အသက်ဝင်ခဲ့ပါတယ်။

 

Photo Credit: ESPN

အဆိုပါပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကို စတင် ရရှိခဲ့တဲ့ အသင်းကတော့ ဝက်စ်ဟမ်းအသင်း ဖြစ်ပြီး ပွဲကစားချိန် မိနစ်၃၀မှာ တောင်ပံ ကစားသမား ဘန်ရာမာက အဝေးကန်ချက် ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက် ၅မိနစ်အကြာမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချေပဂိုး ပြန်လည် ရရှိခဲ့ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုက သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ လာရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လင်ဂတ်က ပွဲကစားချိန် ၈၉မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁-၂ ဖြစ်သွားချိန်မှာ ပွဲပြီးဆုံးသွားပြီလို့ ထင်မှတ်ခဲ့ပေမယ့် ပွဲကစားချိန် မိနစ်၉၀ ပြည့်လို့ နာကျင်အချိန်ပိုကို ရောက်ရှိတဲ့ အချိန်မှာတော့ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောရဲ့ လက်ထိဘောကြောင့် ဝက်စ်ဟမ်းအသင်းဟာ ချေပဂိုး ရရှိမယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: ESPN

ဒါပေမယ့် ပင်နယ်တီ ကန်ဖို့ အတွက် လူစားဝင် ကစားသမား အဖြစ် ကစားခွင့် ရခဲ့တဲ့ ဝက်စ်ဟမ်း ကစားသမား နိုဘယ်ရဲ့ ကန်သွင်းချက်ကို မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် သရဲနီတို့အနေနဲ့ အိမ်ပြန်မျက်နှာပန်း လှခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာတော့ ဆိုးလ်ရှားက သူဟာ ဒီဂီယာက ပင်နယ်တီကို ကာကွယ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက – “ ကျွန်တော်က ဒေးဗစ်(ဒီဂီယာ)ကို ယုံပါတယ်။ သူက ပင်နယ်တီ ကာကွယ်နိုင်တာကိုလည်း ကိုယ်တိုင် မြင်တွေ့ဖူးပါတယ်။ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပဲလေ့စ်အသင်းရဲ့ ပင်နယ်တီ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပြီး ခြေထောက်တွေက ဂိုးစည်းကျော်သွားလို့သာ နောက်ထပ် တကြိမ် ထပ်ပြီး ကန်သွင်းခွင့် ပြုခဲ့ရတာပါ။ နိုဘယ်က ပင်နယ်တီကနေ ဂိုးတွေ အများကြီး သွင်းယူထားနိုင်သူပါ။ ဒါကြောင့်လည်း နိုဘယ်ကို မြင်လိုက်တဲ့ အချိန်မှာ ငါတို့တော့ ရမှတ် ၁မှတ်ထဲနဲ့ အိမ်ပြန်ရတော့မယ်လို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းတာက ဒေးဗစ်ဟာ ဒီပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။