ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ယနေ့မနက် အစောပိုင်းမှာပဲ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ပြီး ရာသီသစ်ရဲ့ ပထမဦးဆုံး ဆုဖလားတလုံးကို ရယူနိုင်ခွင့်အား လက်လွှတ်ခဲ့ရပါတယ်။

ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တပွဲလုံးနီးပါး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ပွဲအစ ၁၀မိနစ်မှာတင် ရရှိခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လန်ဇီနီရဲ့ တလုံးထဲသော အဖိုးတန် အနိုင်ဂိုးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပြီး ပူပူနွေးနွေး ပရီးမီးယားလိဂ်ရှုံးပွဲကို လက်စားချေပြခဲ့တာပါ။

Photo Credit: Express

နှစ်သင်းစလုံးဟာ အဆိုပါပွဲစဉ်မှာ အရန်ကစားသမား အများစုကို သုံးစွဲခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ လူစာရင်းကို ၁၁ဦးစလုံး ပြောင်းလဲခဲ့ပြီး လင်ဒီလော့ဖ် ၊ ဆန်ချိုနဲ့မာတစ်ကလွဲရင် ကျန်တသင်းလုံးကို အရန်ကစားသမားတွေသာ သုံးစွဲခဲ့တာကြောင့် ပွဲအစပိုင်းမှာ ကျစ်လျစ်တဲ့ ကစားဟန် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ အရန် ကစားသမား အများစုကို ထုတ်သုံးခဲ့တာကြောင့် နောင်တမရမိကြောင်းနဲ့ သူတို့အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ကောင်းမွန်တဲ့ ကစားဟန်တခုကို ထုတ်ပြနိုင်ခဲ့ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ဆိုးလ်ရှားက – “ကျွန်တော်တို့ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၇ကြိမ် ရခဲ့ပြီး လူတိုင်းက အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက မှားယွင်းနေတယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့တွေ ကံကောင်းမှု နည်းနည်းလေးပဲ လိုအပ်ခဲ့တာပါ။ ပြီးတော့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တချို့ပေါ့။ ကျွန်တော့်အမြင်မှာတော့ နိုဘယ်က ဂျက်ဆီ(လင်ဂတ်)ကို ဂိုးဧရိယာထဲမှာ လှဲချခဲ့တဲ့ ဖြစ်ရပ်က လုံးဝကို ပင်နယ်တီပါ။ ခင်ဗျားက ပြိုင်ဘက် ကစားသမား တယောက်ကို အဲ့ဒီလောက်အထိ ဆွဲချနေလို့ မရပါဘူး။ ကျွန်တော်က ဒီကာရာဘောင်းဖလားကို တခါမှ မရဖူးပါဘူး။ ဒါပေမယ့် ဒီဖလားကို ရရှိအောင် ဆက်လက်ပြီး ကြိုးစားသွားပါ့မယ်။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ အသင်းရဲ့ လူစာရင်းကို အကောင်းဆုံး ပုံစံနဲ့ ထိန်းသိမ်းနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဆုံးဖြတ်ချက်တွေ ချခဲ့တာပါ။ တခါတလေတော့ ခင်ဗျားက ပြောင်းလဲမှုတွေကို လုပ်သင့်တယ်။ ပြီးတော့ စွန့်စားမှုတွေ လုပ်သင့်တယ်။ ကျွန်တော်တို့ လုပ်ခဲ့တာက ဒါပါပဲ” လို့ ပြောကြားခဲ့တာပါ။