မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ယနေ့ည (၁း၃၀) အချိန်မှာ ကစားရမယ့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ် အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မန်ယူအသင်းက ဘာအောင်မြင်မှုမှ မရရှိသေးကြောင်း နဲ့ ဘာဆုဖလားကိုမှ မရသေးကြောင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်က ဒီဇင်ဘာလမှာ မန်ယူ နည်းပြ မော်ရင်ဟိုရဲ့ နေရာမှာ မန်ယူအသင်းရဲ့ ယာယီ နည်းပြ အဖြစ် အစားထိုး ဝင်ရောက်လာခဲ့ပြီး ယာယီ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့စဉ်မှာ ရလဒ်ကောင်း ရရှိခဲ့တာကြောင့် အမြဲတမ်း နည်းပြ ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

 

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ အပြောင်းအရွေ့ ဈေးကွက် အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူမှု မှန်ကန်ခဲ့တာကြောင့် ရလဒ်ကောင်းတွေကို ရရှိလာခဲ့တာ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၇) ပွဲဆက် ရှုံးပွဲမရှိသေးဘဲ သရေရလဒ် နဲ့ နိုင်ပွဲရလဒ်ကိုသာ ရရှိခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာအတွင်း ဝင်နိုင်ဖို့ နီးစပ်လာပြီ ဖြစ်ပြီး မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ မန်ယူအသင်းအနေနဲ့ ဆက်တိုးတတ်ဖို့ လိုအပ်နေကြောင်း နဲ့ ဘာဆုဖလားမှ၊ ဘာအောင်မြင်မှ မရရှိသေးပါဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

 

ဆောက်သမ်တန်အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဆိုးလ်ရှားက “အမှန်တော့ ရလဒ်ကောင်း ရရှိပြီး ကျွန်တော်တို့ ကစားနေတဲ့ ပုံစံကြောင့် တိုးတတ်မှုတွေကို မြင်နေရတဲ့ အချိန်မှာ ပျော်ပါတယ်။ ကျွန်တော် လက်ရှိရာသီမှာ ရရှိချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်ဖို့အတွက် ဒီပုံစံကောင်းကို ဆက်ထိန်းထားရပါမယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က လက်ရှိအချိန်အထိ ဘာအောင်မြင်မှုမှ မရကြသေးလို့ပါ။ ကျွန်တော်တို့က ဘာဆုဖလားမှ မရကြသေးဘူး။ ဒါပေမဲ့ ရှေ့ဆက်သွားနေတာက အသင်းရဲ့ တိုးတတ်မှု ဖြစ်ပြီး ဆက်လက် တိုးတတ်ရပါမယ်။ ဘာလို့လဲဆိုရင် ဒါက နောက်ဆုံး ပန်းတိုင် မဟုတ်ဘဲ ဒါက အောင်မြင်မှုကို တိုးတတ်နိုင်ရုံပါပဲ။ ဒီဟာက လက်ရှိ ကျွန်တော်တို့ လုပ်နေတဲ့ အရာ ဖြစ်ပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။