ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပြီးနောက် ဗီလာရီးရဲလ်အသင်းရဲ့ အပိုင် ဂိုးသွင်းခွင့် များစွာကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂-၁ ဗီလာရီးရဲလ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အများအပြား ရခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ အသင်းကတော့ ဗီလာရီးရဲလ်အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Fot Mob

ဗီလာရီးရဲလ်အသင်းဟာ အဆိုပါပွဲစဉ်မှာ သေချာပေါက် ဂိုးရနိုင်တဲ့ အခွင့်အရေး လေးကြိမ် အထိ ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းဟာ အကောင်းဆုံး အနေအထားမှာ ရှိနေတာကြောင့် ဂိုးဧရိယာအတွင်း ကနေ ဂိုးပေါက် ကန်သွင်းမှု ၇ကြိမ် ပြုလုပ်ခဲ့ရာ သွင်းဂိုး ၁ဂိုးသာ ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ဝေဖန် သုံးသပ်သူတွေကပါ ဒီဂီယာဟာ အနိုင်ဂိုးရှင် ရိုနယ်ဒို နည်းတူ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နိုင်ပွဲ အတွက် အရေးပါတဲ့သူ ဖြစ်ကြောင်း ချီးကျူးနေကြပြီး ဆိုးလ်ရှားကလည်း ပွဲအပြီးမှာ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပါလို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Fot Mob

ဆိုးလ်ရှားက – “အသင်းကောင်းတသင်းနဲ့ ကစားခဲ့ရတဲ့ အတော်လေး ခက်ခဲတဲ့ ပွဲစဉ် တပွဲပါ။ ပထမပိုင်းမှာ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု အများအပြား ရခဲ့ပေမယ့် သူတို့အသင်းရဲ့ တန်ပြန်တိုက်စစ်က အရမ်း ကောင်းခဲ့ပြီး ကြီးမားတဲ့ ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပါတယ်။ အဲ့ဒီအခြေအနေတွေက ဒီပွဲအတွက် အရမ်း အရေးပါတဲ့ အခိုက်အတန့်တွေပါ။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ရှိနေခဲ့ပါတယ်။ ဒေးဗစ်ရဲ့ လက်စွမ်းက အကောင်းဆုံး အနေအထားမှာ ရှိခဲ့ပြီး သူ့ရဲ့ လက်စွမ်းအတွက် အရမ်းကို ပျော်ရွှင်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။