မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အိုလီဂန်နား ‌ဆိုးလ်ရှားဟာ ပေါ့ပ်ဘာရဲ့ ကစားပုံတွေနဲ့ ပတ်သက်ပြီး အပြစ်တင်နေတာတွေကို ကာကွယ် ပြောဆိုပေးခဲ့ပြီးတော့ မကြာသေးခင်က ပေါ့ပ်ဘာ ရရှိခံစားခဲ့ရတဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ ကိုရိုနာ ကူးစက်ခံခဲ့ရတာတွေကြောင့် ပုံမှန် ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာပါ လို့ ဝေဖန်နေခဲ့တဲ့သူတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ၂၀၂၀-၂၁ ရာသီမှာ ‌တော်တော်လေး ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ၆ ပွဲကစားရာမှာ ရမှတ် ၇ မှတ်သာ ရယူထားနိုင်တာ ဖြစ်ပါတယ်။ ထူးထူးခြားခြား ဖြစ်ရပ်ကတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်းနိုင်ပွဲ တစ်ပွဲမှ မရရှိသေးတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

၁၉၇၂-၇၃ က စတင်ပြီးတော့ ရာသီအစ အိမ်ကွင်း လေးပွဲ အနိုင်မရရှိတဲ့ ပထမ ဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။ ဒါ့အပြင် ၁၄ နှစ်ကြာ အာဆင်နယ်ကို အိမ်မက်ဆိုးတွေ ပေးနေခဲ့တဲ့ အိုးထရက်ဖို့ဒ် ကျိန်စာကလည်း ပျက်ပြယ်သွားခဲ့ရပါတယ်။ ပေါ့ပ်ဘာဟာ အာဆင်နယ် နဲ့ ရှုံးပွဲ အတွက် သူ့အမှားကြောင့် ဖြစ်တယ်ဆိုတာ လက်ခံပြီးတော့ အသင်းပရိသတ်တွေကို တောင်းပန်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ထိုအမှားကြောင့် အသင်းပရိသတ်တွေက ပေါ့ပ်ဘာ အပေါ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ သူ့ရဲ့ ကွင်းလယ်ကစားသမားကို ကာကွယ်ပြောဆိုပေးသွားခဲ့ပါတယ်။

Photo Credit: Metro

“ ပေါလ် က သူဒီ့ထက် ပိုကောင်းကောင်း ကစားနိုင်တယ်ဆိုတာ သူကိုယ်တိုင် သေချာ သိပါတယ်။ ဒါက ဘောလုံးပွဲတစ်ပွဲရဲ့ ပြင်းထန်မှုပါပဲ။ ရှုံးပွဲအတွက် ကစားသမားတိုင်းကော သူကိုယ်တိုင်ကော မကျေမနပ် ဖြစ်နေပါတယ်။ ကျွန်တော်တို့ ကစားသမား တစ်ယောက်ချင်းစီတိုင်း ကနေ ညီညွှတ်မှု လိုအပ်ပါတယ်။ ပေါလ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဒဏ်ရာ ပြဿနာ ရရှိခဲ့သလို အခု ရာသီမှာလည်း ကိုရိုနာ ကူးစက်ခံခဲ့ရတာကြောင့် ခက်ခဲတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေရတယ်လို့ ဆိုရပါမယ်။ ကျွန်တော့်တို့အနေနဲ့ မကြာသေးခင်က ကောင်းတဲ့ အရာတွေအများကြီး ကြုံခဲ့ရပြီးပါပြီ လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒါတွေ ဆက်ဖြစ်နိုင်ပါစေလို့ မျှော်လင့်ပါတယ် ”

 

Photo Credit: Metro

ဒါ့အပြင် ဆိုးလ်ရှားကတော့ အသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ကစားဖော်ဟောင်း ရွိုင်ကိန်း ရဲ့ ဝေဖန်မှုတွေ နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားပါတယ်။ “ ရွိုင်က အမြဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ တစ်ယောက်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်မှာ ရှိတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။ ကျွန်တော်တို့က အလုပ်မတူကြပါဘူး။ သူ့အလုပ်က သူ့ရဲ့ ထင်မြင်ချက်ကို ပြောရုံပါပဲ။ ကျွန်တော် ရွိုင်းပြောတာတွေကို အမြဲနားစွင့်နေပါတယ်။ ကျွန်တော်တို့ ကစားသမားကောင်းတွေနဲ့ ရှေ့ဆက်ပြီးတော့ အနိုင်ရလဒ်တွေ ရှာဖွေသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ်။