မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ယခုအပတ် တနင်္ဂနွေနေ့ည၊ (၉း၃၀) အချိန်မှာ ကစားရမယ့် ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို အနိုင်ပိုင်းဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး နောက်နှစ် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့အတွက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ယခုအပတ် လက်စတာစီးတီးအသင်းနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ နိုင်ပွဲ ဖော်ဆောင်နိုင်မယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် သေချာသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ ရမှတ် (၆၃) မှတ်နဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေလျက် ရှိပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ တကယ်တော့ လက်စတာစီးတီးအသင်းနဲ့ သရေကျရင်တောင်မှ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားမှာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကတော့ တစ်လောက ပွဲစဉ်တွေမှာ ရရှိခဲ့တဲ့ အသင်းရဲ့ ရလဒ်ဆိုးတွေကို ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ နိုင်ပွဲနဲ့ အဆုံးသတ်ပစ်ချင်တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်တွေမှာလည်း သရေကျခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားကတော့ လက်စတာစီးတီးအသင်းနဲ့ ကစားမယ့် နောက်ဆုံး ပွဲစဉ်မှာ နိုင်ပွဲ ယူပြီး ရာသီပိတ်သိမ်းချင်တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့ ပွဲစဉ်တွေ များစွာကို ကစားခဲ့ပြီပါပြီ။ ပိုပြီး တည်ငြိမ်မှုတွေကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေမှာ အဖွင့်ဂိုး ပေးခဲ့ရတယ်။ အသင်းတိုင်း ပုံမှန်ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ မြင့်မားမှုကို ပြသခဲ့တယ်။ တိုးတတ်မှုကို ကြည့်ပြီး ပျော်ရွင်နေမိပါတယ်။ လက်စတာအသင်းနဲ့ ပွဲစဉ်ကို မျှော်လင့်မိပါတယ်။ နောက်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့ အခွင့်ကောင်း ရရှိချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရလဒ်ကို တွေးပြီး ကစားလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ မြင့်မားတဲ့ အဆင့်နဲ့ ကစားပြီး ရလဒ်ကောင်းကို ရယူသွားပါမယ်။ ကျွန်တော်တို့က ပွဲစဉ်ကို စိုးမိုးချင်တယ်။ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာလည်း စိုးမိုးချင်ပြီး သူတို့ကို အနိုင်ရချင်ပါတယ်။ ကျွန်တော်တို့ အဲဒီကို သွားပြီး အနိုင်ပိုင်းဖို့ ကြိုးစားသွားပါမယ်”လို့ ပြောခဲ့ပါတယ်။