ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ ရက်ပိုင်းအတွင်းမှာ အသင်းထံ ကစားသမားသစ် တဦး ထပ်မံ ရောက်ရှိဖွယ် ရှိကြောင်း ပရိသတ်တွေကို အသိပေးသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဆန်ချိုနဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းတို့ကို ခေါ်ယူထားနိုင်ပြီး လက်ရှိမှာတော့ ကွင်းလယ်လူ တဦး (သို့) ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Metro

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘစ္စကာ တဦးထဲသာ အမာခံ ရှိတဲ့ အသင်းရဲ့ ညာနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့ အတွက် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ထရစ်ပီယာရဲ့ တန်ကြေးဟာ ပေါင် ၃၀သန်း အထိ ရှိနေတာကြောင့် ထရစ်ပီယာကို ခေါ်ယူဖို့ထက် အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်တဲ့ ဒါလော့ကိုသာ ဘစ္စကာနဲ့ နေရာယှဉ်လုဖို့ အသင်းမှာ ဆက်ထိန်းထားဖို့ စဉ်းစားနေပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းထံ နောက်ထပ် ရောက်ရှိလာမယ့် ကစားသမားသစ်ဟာ ကွင်းလယ်လူ တဦး ဖြစ်နိုင်ပြီး လက်ရှိမှာတော့ ရန်းနက်စ်အသင်းရဲ့ ကွင်းလယ်လူ ကာမာဗင်ဂါ ၊ ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင်နီဗက်နဲ့ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူလ်တို့ဟာ ယူနိုက်တက်ရဲ့ ရေဒါထဲမှာ ရှိနေပါတယ်။

Photo Credit: Metro

အဆိုပါ ကစားသမားတွေ အနက် ကာမာဗင်ဂါဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိဖို့ အလားအလာ အများဆုံး ကစားသမား ဖြစ်နေပြီး ရန်းနက်စ်အသင်းကလည်း ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ၄၀သန်းကြား ရရှိတာနဲ့ ကာမာဗင်ဂါကို ရောင်းချဖို့ ဆုံးဖြတ်ထားကာ ယူနိုက်တက်အနေနဲ့ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့သာ လိုအပ်ပါတယ်။

ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင်နီဗက်နဲ့ တီကို ကွင်းလယ်လူ ဆာအူလ်တို့ဟာ ယူနိုက်တက်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတွေ ဖြစ်ကြပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့်သလို အသက် ၂၄နှစ်သာ ရှိသေးတဲ့ ပေါ်တူဂီသား ရူဘင်နီဗက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိလာနိုင်တဲ့ ဒုတိယမြောက် ရေပန်းအစားဆုံး ကစားသမားပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းထံ ကစားသမားသစ် တဦး ရောက်ရှိလာမယ့် အကြောင်းကို ဆိုးလ်ရှားက – “ဘောလုံးလောကမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာဟာ ခန့်မှန်းလို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အသင်းကို နောက်ထပ် ကစားသမားသစ် တဦး ထပ်ရောက်လာဖို့ မျှော်လင့်နိုင်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ မမျှော်လင့်ထားတဲ့ ကစားသမား တဦးလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က အားလုံး အဆင်သင့် ဖြစ်နေပါပြီ” လို့ ပြောကြားခဲ့တာပါ။