နွေစျေးကွက်အတွင်းမှာ မထင်မှတ်ပဲ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို တကျော့ပြန်လာခဲ့တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ခင် ယူနိုက်တက်ရဲ့ ဒါဘီပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့ပေမယ့် ရော်နယ်လ်ဒိုအနေနဲ့ကတော့ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက်အသင်းဆီကို ဘယ်တုန်းကမှ ပြောင်းရွှေ့ချင်ခဲ့မှာ မဟုတ်ဘူးလို့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Al Jazerra

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာသွားဖို့ ပြင်ဆင်လာတဲ့အချိန်မှာ သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေများစွာက ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာကြသလို ဟာရီကိန်းကို ခေါ်ယူဖို့ အဆင်မပြေ ဖြစ်လာရတဲ့ မန်စီးတီးအသင်းပါ ရော်နယ်လ်ဒိုနဲ့ သတင်းတွေ ထွက်လာခဲ့ရပါတယ်။ ရော်နယ်လ်ဒိုစာ ယူနိုက်တက်ရဲ့ မြို့ခံအသင်း မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေချိန်မှာပဲ ယူနိုက်တက်အသင်းရဲ့ ရုတ်တရတ် ကြိုးပမ်းမှုကြောင့် နောက်ဆုံးမှာတော့ ရော်နယ်လ်ဒိုကို ယူနိုက်တက်ဂျာစီနဲ့ ပြန်လည်မြင်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

Photo Credit : Football Reporting

တကယ်လို့ ရော်နယ်လ်ဒိုသာ ယူနိုက်တက်အသင်းဆီ မရောက်လာခဲ့ပဲ မန်စီးတီးအသင်းကို ရွေးချယ်သွားခဲ့မယ်ဆိုရင် မန်စီးတီးရဲ့ကစားသမားအင်အားက ကြောက်စရာကောင်းလာနိုင်တယ်လို့ ထင်မြင်မိသလားလို့ ဆိုးလ်ရှားကို မေးမြန်းလာခဲ့ရာ ဆိုးလ်ရှားက “ဒီလောက်ထိ ဖြစ်လာနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်မိပါဘူး။ ရော်နယ်လ်ဒိုကိုယ်တိုင်လည်း အဲ့ဒီနေရာကို သွားချင်မှာ မဟုတ်ဘူးလို့လည်း ကျွန်တော် ထင်ပါတယ်” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ အသင်းရဲ့ ဝါရင့်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးကို လက်လွတ်ထားရပြီးနောက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ရာမှာလည်း မြို့ခံအသင်းရဲ့ နောက်ကောက်ချမှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ် တစ်ဦးတည်းကိုသာ လိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး တိုက်စစ်မှာတော့ ဂါဘရီယယ်ဂျေဇူးနဲ့ ဖယ်ရန်တောရက်စ်တို့ကိုသာ ဆက်လက်အသုံးပြုလျက် ရှိနေပါတယ်။