မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ ယခင်ဒါဘီပွဲစဉ်တွေကလောက် စွဲဆောင်မှုသိပ်မရှိလှပဲ နှစ်ဖက်အသင်းလုံးက သွင်းဂိုးတွေကင်းမဲ့ခဲ့ကာ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒီပွဲကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအနေနဲ့ မန်ချက်စတာဒါဘီပွဲစဉ်က သူတို့အတွက် စိတ်လှုပ်ရှားမှုများစွာကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယူဆထားခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ဒီတစ်ခေါက်ရဲ့ မန်ချက်စတာဒါဘီဟာ ပျင်းရိစရာကောင်းခဲ့ပြီး ၂၀၁ရခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂိုးမရှိသရေကျခဲ့ရပါတယ်။

Photo Credit : PaperDabba

ဒီရရလဒ်က အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ ကျေနပ်စရာရလဒ်လို့ ပြောမယ်ဆိုရင် ပြောဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်ကနေ ထွက်ခွာထားခဲ့ရတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာဆိုရင် ဒီပွဲအပါအဝင် (၅)ပွဲဆက်တိုက် ရှုံးပွဲမရှိထားခဲ့သလို ဒီရာသီရဲ့ တတိယမြောက် Clean Sheets ပွဲကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းရည်ကတော့ တကယ့်ကို မေးခွန်းထုတ်စရာ ကောင်းလို့နေပြီး ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်(၆)ပွဲအတွင်း စုစုပေါင်းသွင်းဂိုးက (၃)ဂိုးသာ ရှိထားသေးသလို အာဆင်နယ် ချယ်လ်ဆီးနဲ့ မန်စီးတီးတို့နဲ့ပွဲတွေမှာလည်း သွင်းဂိုးတွေ ပျောက်ဆုံးခဲ့ရပါတယ်။

Photo Credit : Citizen TV

ဒီပွဲနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ကျွန်တော်ယူနိုက်တက်ကို ကိုင်တွယ်နေစဉ် အချိန်ကာလအတွင်း မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အားလုံးမှာ အခုပွဲက အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ပွဲလို့ ပြောချင်ပါတယ်။ ဒါဟာ အကောင်းဆုံးရလဒ်ကြောင့် မဟုတ်ပဲနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကြောင့်ပါ။ ဒီပွဲက ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရပါတယ်။ သူတို့အသင်းကို ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ကျွန်တော်တို့တွေ (၃)ကြိမ် အနိုင်ယူခဲ့တယ်ဆိုပေမယ့် ဒီပွဲတွေက အခုပွဲနဲ့ ခြားနားနေခဲ့ပါတယ်။ အခုပွဲမှာတော့ နှစ်သင်းလုံးက ပုံစံကောင်း ပြသနိုင်ခဲ့တယ်။ နည်းစနစ်ပိုင်းအရ သူတို့အသင်းဟာ ကျွန်တော်တို့ဘက်ကို ပြသာနာကောင်းကောင်းပေးနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့သလို ခံစစ်ပိုင်းအရတော့ ကျွန်တော်တို့ဘက်ကနေ စွမ်းဆောင်ရည်ကောင်းတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ခံစစ်ပိုင်းစွမ်းရည်နဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းကျေနပ်မိပါတယ်။ ဒါပေမယ့် ခြေထောက်ထဲမှာ ဘောလုံးရှိနေချိန်အတွင်းမှာတော့ အခွင့်အရေးတွေ သိပ်မဖန်တီးနိုင်ခဲ့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရှိနေသလို မန်စီးတီးကလည်း အဆင့်(၉)နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။