ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက အသင်းရဲ့ ကစားသမားတွေအား ပီအက်စ်ဂျီ အသင်းနဲ့ ပွဲစဉ်က ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းဖို့ အတွက် စိန်ခေါ်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပြီး ပရီးမီးယားလိဂ်မှာ ၄ပွဲ ပါ​ဝင် ကစားထားရာ ၂ပွဲနိုင် ၂ပွဲရှုံး ရလဒ်ကို ရရှိထားကာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅နေရာကို ရောက်ရှိ နေပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲ မှာတော့ မန်ယူအသင်းဟာ ပုံစံကောင်း တစ်ခုကို ရရှိထားပြီး နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့သလို ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကိုလည်း အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိထားပါတယ်။

Photo Credit: Express

ယနေ့ည ၁၁နာရီ အချိန်မှာတော့ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံ ကစားသွားရမှာ ဖြစ်ပြီး ယခုနှစ် ရာသီရဲ့ ပထမဦးဆုံး အိမ်ကွင်းနိုင်ပွဲကို ရရှိသွားမလား ဆိုတာ ဆက်လက် စောင့်ကြည့် သွားရမှာပါ။ မန်ယူအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အိမ်ကွင်းပွဲစဉ် နှစ်ပွဲကို ကစားထားရပြီး ပဲလေ့စ်အသင်းကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့သလို စပါးအသင်းကိုလည်း ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်း အနေနဲ့ ယခုတစ်ပတ်မှာ ကစားရမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာရော ရလဒ်ကောင်း တစ်ခု ရနိုင်ပါ့မလား ဆိုတာ သံသယ ဝင်နေသူ တချို့ ရှိနေပြီး မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ သူတို့အသင်းရဲ့ ပုံစံကောင်း ကို ဆက်လက် ထိန်းသိမ်းသွားဖို့ ကစားသမားတွေကို တိုက်တွန်း သွားပါတယ်။

Photo Credit: Express

ဆိုးလ်ရှားက ” ကျွန်တော့်အတွက် အခုချိန်မှာ ကျွန်တော်တို့အသင်း လိုအပ်နေတဲ့ အရာက တည်ငြိမ်မှုပါပဲ။ ကျွန်တော်တို့ အသင်းက အတက် ၊ အကျ အရမ်းမြန်နေတယ်။ ပြီးတော့ ကျွန်တော်တို့က အသင်းရဲ့ အိမ်ကွင်းပုံစံကောင်း တစ်ခုကို ပြန်လည် ရရှိဖို့ လိုအပ်ပါတယ်။ ဒီတစ်ပတ်ဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီအသင်းကို နိုင်ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့အသင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ကျွန်တော်တို့ အားလုံးက မှတ်မိ နေကြလို့ပါပဲ။ အဲ့ဒီအချိန်က ကျွန်တော်တို့ အသင်းရဲ့ တုံ့ပြန်မှုက မကောင်းခဲ့ပါဘူး။ ဒီအချိန်က ကျွန်တော်တို့ ကစားသမားတွေ ၊ အသင်းရဲ့ ဝန်ထမ်းတွေ အတွက် ကျွန်တော်တို့အသင်းဟာ အချိန်နဲ့အမျှ တိုးတက်နေတာကို ပြသနိုင်မယ့် အခွင့်အရေး တစ်ခုပါ ” လို့ ပြောကြား သွားခဲ့ပါတယ်။