မန်ယူအသင်းရဲ့ ဂန္တဝင် ဂိုးသမား ပီတာ ရှမိုက်ကယ်ကတော့ လက်ရှိ မန်ယူ နည်းပြ ဆိုးလ်ရှား အနေနဲ့ လက်ရှိရာသီမှာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ် မဝင်နိုင်ပါဘူးလို့ ပြောပြသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၃) မှတ်ကွာဟနေပြီး အဆင့် (၅) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ မန်ယူအသင်းဟာ မန်စီးတီးအသင်းကသာ ချန်ပီယံလိဂ် ဝင်ခွင့် ပိတ်ပင်ခံရမယ် ဆိုရင် အဆင့် (၅) နေရာ ရရှိရင်တောင်မှ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ကစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် တနင်္ဂနွေနေ့ည (၁၁း၀၀) အချိန်မှာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ဝုဗ်လ်အသင်းနဲ့ ရမှတ် (၄၂) မှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေတာကြောင့် တနင်္ဂနွေနေ့ညမှာ မန်စီးတီးအသင်းကို မရှုံးမှ ဖြစ်မှာပါ။ တကယ်လို့ မန်ယူအသင်းကသာ တနင်္ဂနွေနေညမှာ မန်စီးတီးအသင်းကို ရှုံးနိမ့်သွားမယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ဖို့ ခက်ခဲနိုင်ပြီး ရှမိုက်ကယ်က ချန်ပီယံလိဂ် မဝင်နိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ရှမိုက်ကယ်က “နည်းပြ ဆိုးလ်ရှားအနေနဲ့ ချန်ပီယံလိဂ် ဝင်နိုင်ဖို့ ကြိုးစားနေတာက လက်တွေ့မကျသလို ဖြစ်နေပါတယ်။ သူက တစ်ပွဲချင်း တစ်ပွဲချင်း ကစားသွားမယ်လို့ ပြောသွားခဲ့သလို သူ့ရဲ့ မဟာအစီအစဉ်က လူငယ်ကစားသမားတွေကို ကစားခွင့်ပေးဖို့ နဲ့ နောက်ရာသီအတွက် လူငယ် ကစားသမားတွေ အဆင်သင့် ဖြစ်ဖို့ပါလို့ ပြောခဲ့ပါတယ်။ သူက သူ ပြောခဲ့တဲ့အတိုင်း လုပ်နေပြီး အသက် (၁၈)၊ (၁၉)၊ (၂၀) ကစားသမားတွေကို အသုံးပြုနေပါတယ်။ သူက အဲဒီလူငယ်တွေကို ပွဲထွက်ခွင့်ပေးနေပါတယ်။ သူ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားချင်မှာပါ။ ဒါပေမဲ့ သူ ဝင်ခွင့် ရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာလို့လဲဆိုရင် ဒါက ကြီးမားတဲ့ ပြိုင်ပွဲ ဖြစ်ပြီး ချန်ပီယံလိဂ်ကို ဝင်ခွင့် ကြိုးစားတဲ့ အသင်းက အများကြီး ရှိလို့ပါ”လို့ ပြောခဲ့ပါတယ်။