ယနေ့မနက်မှာ ကစားခဲ့တဲ့ ဘရုဂေးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဘရုဂေးအသင်းရဲ့ အိမ်ကွင်း ဘရီဒယ်စတီဒီယန်မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဘရုဂေးအသင်းဟာ ဦးဆောင်ဂိုးကို အရင် သွင်းယူခဲ့တာဖြစ်ပြီး ဘရုဂေးအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၅မိနစ်မှာ တိုက်စစ်မှူး ဒန်းနစ်က ဂိုးသမား မစ်ဂနိုလက်ရဲ့ ဖန်တီးပေးပို့မှုကနေ သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard.com

ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရအပြီးမှာတော့ ယူနိုက်တက်အသင်းဟာ ဘရုဂေးအသင်းဘက် ကို ပိုမိုဖိအားပေး ကစားလာခဲ့ပြီး ပွဲကစားချိန် ၃၆မိနစ်မှာ တိုက်စစ်မှူး မာရှယ်က တစ်ဖက် ကစားသမားတွေရဲ့ အမှားကနေ ချေပဂိုးကို သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် နှစ်ဖက်အသင်းတွေဟာ ဦးဆောင်ဂိုးတွေ ထပ်မံရရှိဖို့ ကြိုးစားခဲ့ကြပေမယ့် ခံစစ်ပိုင်းတွေမှာ အမှားအယွင်းနည်းပါးခဲ့ကြတာကြောင့် သွင်းဂိုးတွေကို ထပ်မံ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။

Photo Credit: Standard.com

အဆိုပါပွဲစဉ်အပြီးမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဘရုဂေးအသင်းနဲ့ သရေကျခဲ့ရတာဟာ ကစားရခက်ခဲတဲ့ ဘောလုံးကြောင့်လဲ ပါတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ ဘရုဂေးအသင်းနဲ့ပွဲစဉ်အပေါ် ဆိုးလ်ရှားက ” ဒါက အသင်းကောင်းတစ်သင်းနဲ့ ကစားရပြီး ခက်ခဲတဲ့ အနေအထားတွေနဲ့ ကြုံခဲ့ရတဲ့ ပွဲတစ်ပွဲပါပဲ။ ဒီပွဲက ကြည့်ရတဲ့သူတွေအတွက် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့တာ မဟုတ်မှန်း ကျွန်တော် သိပါတယ်။ ဒီလိုဖြစ်အောင် ကွင်းမျက်နှာပြင်ရော ၊ ကစားရခက်တဲ့ ဘောလုံးကပါ လုပ်ခဲ့တာပါ။ ခင်ဗျားအနေနဲ့ ကစားသမားတွေကို မေးရင် ဒီဘောလုံးနဲ့ ဘောလုံးကစားဖို့ အဆင်မပြေတဲ့အကြောင်း ကြားရမှာပါ ” လို့ ပြောကြားသွားခဲ့တာပါ။