မနေ့ညက ကျင်းပသွားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲကအတော်လေးကို အကြိတ်အနယ်ရှိခဲ့သလို ပွဲကို ယူနိုက်တက်အသင်းက စတင်ဦးဆောင်နိုင်ခဲ့ပြီး အခွင့်အရေးပေါင်းများစွာကိုလည်း ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်ကြောင့် အနိုင်ရလဒ်ကို မယူဆောင်နိုင်ပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုပေးခဲ့ရကာ ယူရိုပါလိဂ်ရဲ့ဘုရင်လိုဖြစ်နေတဲ့ ဆီဗီလာအသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်လိုက်ရပါတယ်။

Photo Credit : The Star

ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်သွားခဲ့ရပြီဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ ပွဲကစားချိန်အတွင်းမှာ ဂိုးကန်သွင်းမှု အကြိမ်(၂၀)နဲ့ ဂိုးပေါက်တည့်မှု (၈)ကြိမ်အထိ ရှိခဲ့ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီသွင်းဂိုးတစ်ဂိုးသာ ဂိုးဝင်ခဲ့ရပြီး နောက်ထပ်လိုအပ်သေးတဲ့ ဂိုးတွေကိုတော့ မြင်တွေ့ခဲ့ရခြင်း မရှိခဲ့ပါဘူး။ ဆီဗီလာအသင်းကတော့ တစ်ပွဲလုံး အတိုင်းအတာမှာ (၃)ကြိမ်သာ ဂိုးပေါက်တည့်မတ်ခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်ရော ခံစစ်ပါ ပိုမိုထက်မြက်ဖို့ လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြနေသလို ဖြစ်နေခဲ့ပါတယ်။

Photo Credit : Manchester Evening News

ရှံးပွဲနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “ကျွန်တော်အသင်းက ဆီဗီလာနဲ့ယှဉ်မယ်ဆိုရင် ပျမ်းမျှ (၃)နှစ်လောက် ငယ်ရွှယ်နေတဲ့ အသင်းလိုဖြစ်နေရပါတယ်။ ခင်ဗျားတို့လည်း မနေ့ညက သတိထားမိလိမ့်မယ်လို့ ထင်ပါတယ်။ အရမ်းကြိုးစားကစားခဲ့ပေမယ့်လည်း အတွေ့အကြုံကောင်းတွေ မရှိခဲ့တာကိုပေါ့။ အခွင့်အရေးတွေကိုသာ ကောင်းကောင်းအသုံးချနိုင်ခဲ့လိုက်မယ်ဆိုရင် ဒီပွဲကို ကျွန်တော်တို့ အနိုင်ရသွားမှာလို့ ထင်မိတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ရှံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးအနည်းငယ်လောက် သွင်းယူနိုင်ခဲ့သင့်ပေမယ့် ဂိုးရနိုင်လိုက်တဲ့ အခွင့်အရေးတွေကို ဆုံးရှံးရပါများလာတော့ ပွဲကတဖြည်းဖြည်းနဲ့ ခက်ခဲလာခဲ့ရတယ်။ ဒါ့အပြင် သူတို့ရဲ့အနိုင်ဂိုး စတင်ခဲ့တဲ့ ဖြတ်တင်ဘောကို တားဆီးနိုင်ခဲ့ရမှာ။ အဲ့ဒီဂိုးကန်သွင်းမှုကိုလည်း ရှင်းထုတ်နိုင်ခဲ့သင့်တာ။ ဒါပေမယ့်လည်း ခရီးရှည်တစ်ခုကတော့ ပြီးဆုံးသွားပြီး ကျွန်တော်တို့အခု အနားယူဖို့ လိုအပ်ပါတယ်။ ဖေဖော်ဝါရီလကနေစပြီး ကျွန်တော်တို့တွေ အ့ံမခန်း စွမ်းဆောင်နိုင်ခဲ့တယ်။ ဒီလူငယ်လေးတွေနဲ့ပဲ အကွာအဝေးအများကြီးကနေ ထိပ်ဆုံးနားလေးကို ပြန်တတ်လာနိုင်ခဲ့တယ်။ ဒါပေမယ့် ဘောလုံးရာသီတစ်ခုတည်းမှာပဲ ဆီမီးဖိုင်နယ်(၃)ခုလောက်အထိကို ရှံးနိမ်ခဲ့တယ်ဆိုတာကတော့ တိုးတတ်မှုတွေ အများကြီးလိုနေတယ်ဆိုတာကို ပြသနေသလိုပါပဲ။ ကျွန်တော်တို့ နောက်ရက်သတ္တပတ်အနည်းငယ်လောက်ဆို ပြန်လာရပါတော့မယ်။ အသင်းရဲ့ဘယ်နေရာတွေကို ထပ်ပြီးဖြည့်တင်းဖို့ လိုအပ်မလဲဆိုတာကိုလည်း စောင့်ကြည့်သွားပါမယ်”လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။