ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကတော့ အတော်လေးကို အံ့အားသင့်စရာ ကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ကြပါတယ်။ ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ အကောင်းဆုံးပွဲလို့ ပြောလို့ရတဲ့ မန်ယူအသင်းနဲ့ စပါးအသင်းရဲ့ ပွဲစဉ်မှာ ဧည့်သည် စပါးအသင်းက ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် ဂိုးပြတ် အနိုင်ရခဲ့သလို အက်စ်တွန်ဗီလာ အသင်းနဲ့ လက်ရှိချန်ပီယံ လီဗာပူးအသင်းတို့ရဲ့ ပွဲမှာလည်း ၇-၂ ဆိုတဲ့ ရလဒ်နဲ့ ဗီလာအသင်းက အနိုင်ရသွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်နှစ်ပွဲရဲ့ ရလဒ်တွေဟာ ဘောလုံး ပရိသတ်တွေကို အတော်လေး အံ့အားသင့်စေခဲ့သလို မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ကစားပုံဟာလည်း အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။

Photo Credit: Man Utd Times

အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ စပါးအသင်းကို ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဥ် အပြီးမှာတော့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက ဒီရှုံးပွဲအတွက် သူ့မှာ အပြည့်အဝ တာဝန်ရှိကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ ပွဲစဉ် ဖြစ်သလို ပွဲချိန် ၃၃ စက္ကန့်မှာပဲ ပင်နယ်တီ ရခဲ့တာကြောင့် ဖာနန်ဒက်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် မန်ယူအသင်းဟာ စပါးအသင်းရဲ့ ဖိအားပေးမှုတွေကို ကြာကြာ တောင့်ခံနိုင်ခြင်း မရှိခဲ့ပဲ ပွဲချိန် ၁၀မိနစ် အတွင်းမှာပဲ သွင်းဂိုး နှစ်ဂိုး ခွင့်ပြု ပေးခဲ့ရသလို ပွဲကစားချိန် ၂၈မိနစ်မှာလည်း မာရှယ်ဟာ အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ ကစားသမား တစ်ယောက် အသာရသွားတဲ့ အချိန်မှာတော့ ပွဲဟာ စပါးအသင်းလက်ထဲကို ရောက်ရှိ သွားခဲ့ပြီး စပါးအသင်းရဲ့ တရစပ် ဖိအားပေးမှုတွေ အောက်မှာ မန်ယူအသင်းဟာ အတော်လေးကို ကစားပုံ ဆိုးရွားခဲ့ပါတယ်။

Photo Credit: Man Utd Times

အဆိုပါပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၄မိနစ်မှာ အန်ဒွန်ဘီလီ ၊ ပွဲချိန် ၇မိနစ်နဲ့ ၃၇မိနစ်တို့မှာ ဆွန်ဟောင်မင် ၊ ပွဲချိန် ၃၀မိနစ်နဲ့ ၇၉မိနစ်တို့မှာ ဟယ်ရီကိန်းနဲ့ ပွဲချိန် ၅၁မိနစ်မှာ အော်ရီယာတို့က သွင်းယူခဲ့ကြတာပါ။ စပါးအသင်းကို အရှက်တကွဲနဲ့ အရေးနိမ့်ခဲ့ အပြီးမှာတော့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက ယခုရှုံးပွဲဟာ သူနဲ့ သက်ဆိုင်ပြီး ရလဒ်ဆိုးတွေ ကနေ လွတ်မြောက်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ ဆိုသွားပါတယ်။ ဆိုးလ်ရှားက ” တစ်ခါတလေမှာ ခင်ဗျားက အမှားအယွင်းတွေ ပြုလုပ်တတ်ပါတယ်။ ဒါက ဘဝပါပဲ။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က အမှားတွေ အများကြီးကို ကျူးလွန်မိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒီလိုရလဒ်မျိုး ထွက်လာခဲ့တာပါ။ သူတို့ဟာ အရမ်းကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ကျွန်တော်တို့ ပြုလုပ်လိုက်တဲ့ အမှားတစ်ခုချင်းစီတိုင်းကို အသုံးချပြီး ကျွန်တော်တို့ကို အပြစ်ပေးခဲ့ပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်သွားတာလား ဆိုတာ ကျွန်တော် မပြောပြတတ်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး စွမ်းဆောင်ရည်ကို ကျွန်တော်တို့ မနှစ်သက်ပါဘူး။ ဒီနေ့ပွဲအတွက် တာဝန် အရှိဆုံးက ကျွန်တော်ပါ ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။