ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား ကတော့ မနက်ဖြန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရိုက်တန် အသင်းနဲ့ ပွဲမှာတော့ အသင်းရဲ့ ဗဟိုခံစစ်ကြောင်း မှာ ဘိုင်လီနဲ့ မက်ဂွိုင်းယား အတွဲကိုသာ အသုံး ပြုသွားဖွယ် ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ မန်ယူ အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ အဖွင့်ပွဲ အဖြစ် ပြီးခဲ့တဲ့ အပတ်မှာ ခရစ္စတယ် ပဲလေ့စ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပေမယ့် ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ ပွဲထွက် ကစားခွင့် ရခဲ့တဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်အတွဲ ဟာလည်း ဝေဖန်မှု များစွာ ခံခဲ့ရပါတယ်။

Photo Credit: Express

အထူးသဖြင့် ဆွီဒင် နောက်ခံလူ ဖြစ်တဲ့ လင်ဒီလော့ဖ်ဟာ စွမ်းဆောင်ရည် အတော်လေးကို ညံ့ဖျင်းခဲ့ပြီး ခရစ္စတယ် ပဲလေ့စ် အသင်း ရရှိသွားတဲ့ သွင်းဂိုး ၃ဂိုး စလုံးဟာ သူ့ရဲ့ အမှားတွေ ကနေ တဆင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဘောလုံး သုံးသပ်သူ အတော်များများ က လင်ဒီလော့ဖ်ကို အသင်းရဲ့ ပွဲထွက် လူစာရင်း ကနေ ဖယ်ရှားဖို့ ဆိုးလ်ရှားကို အကြံပေး ခဲ့ကြပါတယ်။ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ကာရာဘောင်း ဖလားပွဲစဉ် မှာတော့ ဆိုးလ်ရှားဟာ ဒဏ်ရာ ကနေ ပြန်သက်သာ လာတဲ့ နောက်ခံလူ ဘိုင်လီကို မက်ဂွိုင်းယားနဲ့ တွဲဖက်ပြီး ကစားစေခဲ့ကာ အဆိုပါ ပွဲစဉ်မှာ ဘိုင်လီဟာ အတော်လေး ကို ခြေစွမ်းပြ သွားနိုင်ခဲ့ပြီး အသင်းအတွက် ပေးဂိုး မရှိအောင် စွမ်းဆောင် ပြခဲ့ပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ် အများစုဟာ လူတန်အသင်းနဲ့ ပွဲစဉ် အပြီးမှာ မက်ဂွိုင်းယားနဲ့ ဘိုင်လီ ခံစစ် အတွဲကို ဘရိုက်တန် အသင်းနဲ့ ပွဲစဉ်မှာ ဆက်လက် သုံးစွဲဖို့ တောင်းဆို သွားခဲ့ကြပြီး လက်ရှိမှာတော့ မက်ဂွိုင်းယားနဲ့ ဘိုင်လီအတွဲကို ဆက်လက် သုံးစွဲ သွားဖွယ် ရှိကြောင်း ဆိုးလ်ရှားက ပြောကြား သွားခဲ့ပါတယ်။ ဘရိုက်တန် အသင်းနဲ့ ပွဲစဉ်မှာ ဘိုင်လီနဲ့ မက်ဂွိုင်းယား အတွဲကို ဆက်လက် သုံးစွဲသွားမယ့် အကြောင်းကို ဆိုးလ်ရှားက ” ကျွန်တော့် အထင် ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်တို့ ဟာ ခံစစ်ကို ဘယ်လို အကောင်းဆုံး ဆော့လို့ရမလဲ ဆိုတာ သက်သေပြ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်ကတော့ မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ဟာ လျော့တိလျော့ရဲနဲ့ မပေးသင့်တဲ့ သွင်းဂိုးတွေ ခွင့်ပြုခဲ့ ရပါတယ်။ ဒါပေမယ့် အဲရစ်(ဘိုင်လီ)နဲ့ ဟယ်ရီ(မက်ဂွိုင်းယား) တို့ အတွဲက ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော်တို့ ခံစစ်ကြောင်းက ဘယ်လောက် ကောင်းလဲဆိုတာ ပြသ နိုင်ခဲ့တယ် လို့ ထင်ပါတယ် ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။ ဒါ့ကြောင့် ဆိုးလ်ရှား အနေနဲ့ အမှားများ နေတဲ့ လင်ဒီလော့ဖ်ကို ထုတ်ပြီး ဘိုင်လီနဲ့ မက်ဂွိုင်းယား အတွဲကို ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ဆက်လက် သုံးစွဲသွားဖို့ ရှိတယ် လို့ သုံးသပ် ရပါတယ်။